သဇင်ပန်းခိုင်ဂျာနယ် အယ်ဒီတာအား ရခိုင်ပြည်နယ်ပညာရေးဌာနမှ တရားစွဲရန်ပြင်ဆင်

သဇင်ပန်းခိုင်ဂျာနယ် အယ်ဒီတာအား ရခိုင်ပြည်နယ်ပညာရေးဌာနမှ တရားစွဲရန်ပြင်ဆင်

ရခိုင်ပြည်နယ်ပညာရေးဌာနကို စော်ကားသော အရေးသားများပါဝင်နေသည့် ဆောင်းပါးအား ရေးသားခဲ့သည်ဟုဆိုကာ ရခိုင်ဒေသထုတ် ဂျာနယ်တစ်စောင်ဖြစ်သည့် သဇင်ပန်းခိုင်ဂျာနယ်မှ အယ်ဒီတာတစ်ဦးအား ရခိုင်ပြည်နယ်ပညာရေးဌာနမှ တရားစွဲဆိုနိုင်ရန် စီစဉ်လျှက်ရှိကြောင်း သိရသည်။

အဆိုပါ ဆောင်းပါးတွင် တိုင်းနှင့်ပြည်နယ် အသီးသီးတို့မှ တိုင်းရင်းသားဘာသာ သင်ကြားနေကြသည့် ဆရာ/မများမှာ လစာ(၁၀) လစာ ခံစားခွင့်ရှိပါလျှက် ရခိုင်ပြည်နယ်အတွင်းရှိ တိုင်းရင်းသားဘာသာ သင်ကြားပေးနေကြသော ဆရာ/ဆရာမများမှာ (၉) လစာသာ ခံစားခွင့်ရှိသည်ဟု ရေးသားထားသည့်အတွက် ရခိုင်ပြည်နယ် ပညာရေးမှူးနှင့် ပညာရေးဌာနကို တိုက်ရိုက်စော်ကားသလို ဖြစ်နေသည့်အတွက် တရားစွဲဆိုရန် စီစဉ်ရခြင်းဖြစ်ကြောင်း ပြည်နယ် ပညာရေးမှူးက Mizzima သို့ပြောသည်။

“မသေချာဘဲနဲ့ အဲဒီလိုဘာကြောင့် တင်သလဲ။ ဒီလိုတင်ချင်တိုင်းတင်လို့ရလား။ ဒါစော်ကားထားတာ။ ကျွန်တော်တို့ တစ်သက်လုံးနေလာတဲ့ ဂုဏ်သိက္ခာတွေ ချောင်းထဲကျပြီးပေါ့။ တရားစွဲမယ်ဆိုတာတော့ သေချာတယ်။  အခု ဥပဒေအရာရှိနဲ့ တိုင်ပင်နေတယ်။ ဘယ်နေ့ဖြစ်မှာလဲ ဆိုတာကိုတော့ မသိသေးဘူး။ အဲဒီဆောင်းပါးထဲမှာ ပညာရေးက တစ်လစာဖြတ်စားထားတယ် ဆိုပြီးတော့ပါတယ်”ဟု ရခိုင်ပြည်နယ်ပညာရေးမှူး ဦးအောင်ကျော်ထွန်းက ပြောသည်။

အဆိုပါဆောင်းပါးကို မေလ ၁၅ ရက်နေ့က သဇင်ပန်းခိုင်ဂျာနယ်၏ Facebook စာမျက်နှာပေါ်တွင် ဖေါ်ပြထားပြီး ရခိုင်ပြည်နယ်၏ လက်ရှိသင်ကြားနေသည့် ရခိုင်စာသင်ရိုးနှင့်ပတ်သက်ပြီး ဆရာ/ဆရာများကြုံတွေ့နေရသည့် အခက် အခဲများကို ရေးသားဖေါ်ပြထားခြင်း ဖြစ်ကြောင်းလည်း သိရသည်။

“ကျွန်တော်တို့က ပညာရေးဌာကို ထိခိုက်နစ်နာစေလိုတဲ့ ဆန္ဒနဲ့ရေးတာမဟုတ်ပါဘူး။ ဖြစ်စဉ်တစ်ခုလုံးကို အမှန်တကယ် ဖြစ်နေတာတွေကို လူထုကိုချပြခြင်းသာဖြစ်တယ်။ အခုအချိန်ထိတော့ ကျွန်တော်တို့ကို တရားစွဲဆိုမယ်ဆိုပြီးတော့ အကြောင်းကြားတာတွေတော့ မရှိသေးပါဘူး”ဟုသဇင်ပန်းခိုင်ဂျာနယ် အယ်ဒီတာတစ်ဦးဖြစ်သူ ကောင်းမြတ်နိုင်က ပြောသည်။

သဇင်ပန်းခိုင် အယ်ဒီတာ ကောင်းမြတ်နိုင်ကို ရခိုင်ပြည်နယ် ပညာရေးဌာနမှ တရားစွဲဆိုရန်ပြင်ဆင်နေခြင်းမှာ ရခိုင်ပြည်နယ်အတွင်း သတင်းသမားများအား ဆက်သွယ်ရေးဥပဒေပုဒ်မဖြင့် ပထမဆုံးအကြိမ် စွဲဆိုရန်ပြင်ဆင်ခြင်း ဖြစ်သည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly