၁၉၉၅ မော်ဒယ်အောက် ခရီးသည်ယာဉ်များအား ဇွန်လ ၂ဝ ရက်နေ့နောက်ဆုံး မအပ်နှံပါက လုပ်ငန်းလိုင်စင် ဖျက်သိမ်းမည်

၁၉၉၅ မော်ဒယ်အောက် ခရီးသည်ယာဉ်များအား ဇွန်လ ၂ဝ ရက်နေ့နောက်ဆုံး မအပ်နှံပါက လုပ်ငန်းလိုင်စင် ဖျက်သိမ်းမည်
ရန်ကုန်မြို့ ဆူးလေမီးပွိုင့်တွင် လမ်းစည်းကမ်းမလိုက်နာသူများအား စည်းကမ်းထိမ်းသိန်းရေးအဖွဲ့မှ အရေးယူနေသည်ကို တွေ့ရစဉ်။ ဓာတ်ပုံ - မဇ္ဈိမ

ရန်ကုန်၊ မေလ ၁၆ ။                               ။ ရန်ကုန်တိုင်းဒေသကြီးအတွင်း ပြေးဆွဲနေသည့် ၁၉၉၅ ခုနှစ် မော်ဒယ်အောက်ခရီးသည်ယာဉ်များအား ဇွန်လ ၂ဝ ရက် နောက်ဆုံးထားမအပ်နှံပါက လုပ်ငန်းလိုင်စင်ဖျက်သိမ်းကာ လူစီးစလစ်ထုတ်ယူခွင့်အား ပယ်ဖျက်သွားရန် မေလ ၁၅ ရက်က ယာဉ်လိုင်းတာဝန်ရှိသူများကို ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက သတိပေးညွှန်ကြားခဲ့သည်။

မေလ ၁၅ ရက်က၊ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ရုံး၌ ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက YBS ယာဉ်လိုင်းများမှ တာဝန်ရှိသူများနှင့် တွေ့ဆုံသည့် အစည်းအဝေးတွင် ညွှန်ကြားခဲ့ခြင်းဖြစ်ကြောင်း ယင်းအစည်းအဝေး တက်ရောက်ခဲ့သည့် Power Eleven ကုမ္ပဏီမှ YBS ၂၁ ယာဉ်လိုင်းပိုင်ရှင် ကိုတရုတ်လေးက မဇ္ဈိမသို့ပြောသည်။

“၁၉၉၅ ခုနှစ် မော်ဒယ်နဲ့အောက် ခရီးသည်ကားတွေကို ဇွန်လ ၂ဝ ရက် နောက်ဆုံးထားပြီးအပ်ဖို့၊ သတ်မှတ်ရက်ကျော်လို့ နောက်ပိုင်းဆိုရင်တော့ လူစီးစလစ်မပေးတော့ဘဲ လုပ်ငန်းဖျက်သိမ်းဖို့ ဝန်ကြီးချုပ်က သတိပေးပြောသွားတယ်ဗျ” ဟု  ကိုတရုတ်လေးက ပြောသည်။

ထို့ပြင် အဆိုပါအစည်းအဝေးတွင် ဝန်ကြီးချုပ်ဦးဖြိုးမင်းသိန်းက လက်ရှိ လက်တွဲခေါ်၍မရသည့် ယာဉ်လိုင်းအများစုနှင့် ဝန်ဆောင်မှုမပေးဘဲ ခရီးသည်များအား ရိုင်းပြစွာဆက်ဆံသည့် ယာဉ်လိုင်းများအား ထပ်မံကျူးလွန်နေပါက ယာဉ်လိုင်းအလိုက်ဖျက်သိမ်းပြီး ယာဉ်အသစ်များဖြင့် အစားထိုးသွားမည်ဖြစ်ကြောင်း သတိပေး ပြောကြားခဲ့ကြောင်းသိရသည်။

“အရင်တုန်းကတော့ ယာဉ်မရှိသေးလို့ သည်းခံနေတယ်ပေါ့။ အခုက ယာဉ်အသစ်တွေ ရောက်လာပြီဆိုတော့ သည်းမခံတော့ဘူးလို့ပြောတယ်”ဟု ကိုတရုတ်လေးက ယင်းအစည်းအဝေးတွင် ဝန်ကြီးချုပ်ဦးဖြိုးမင်းသိန်းက သတိပေးပြောကြားခဲ့သည့် အကြောင်းကိုရှင်းပြသည်။

၁၉၉၅ ခုနှစ်အောက်မော်ဒယ်ယာဉ်များကို မ.ထ.သ ယာဉ်လိုင်းစနစ်ဖျက်သိမ်း၍ YBS ယာဉ်လိုင်းစနစ် ပြောင်းလဲပြေးဆွဲသည့် ဇန်နဝါရီလ ၁၆ ရက်မှ စတင်ကာ ယာယီ ၃ လထိ ပြေးဆွဲခွင့်ပေးထားခြင်းဖြစ်ပြီး  အဆိုပါ ယာဉ်များကို ဇွန်လ ၂ဝ ရက် နောက်ဆုံးထားအပ်နှံပါက ရွေးချယ်ခွင့်ပေးသည့်အနေဖြင့် လူစီးစလစ် ထုတ်ပေးသည့်အပြင် အခြားလုပ်ငန်းပြောင်းလဲ လုပ်ကိုင်ရန် (ဃ) လိုင်စင်ပြောင်းလဲ၍ ရပြီး CNG ကို ဆက်လက် အသုံးပြုခွင့်ပြုမည် ဖြစ်ကြောင်းသိရသည်။
 

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly