ပြည်ခရိုင်အတွင်း မေလ အစမှာပင် သွေးလွန်တုတ်ကွေး ရောဂါဖြစ်ပွားသူ ၈ ဦးရှိ

ပြည်ခရိုင်အတွင်း မေလ အစမှာပင် သွေးလွန်တုတ်ကွေး ရောဂါဖြစ်ပွားသူ ၈ ဦးရှိ

၂၀၁၇ ခုနှစ် မေလ ၁ရက်မှ မေလ ၁၆ ရက်အထိ ပဲခူးတိုင်း ပြည်ခရိုင်အတွင်း သွေးလွန်တုတ်ကွေး ရောဂါဖြစ်ပွားသူ ၈ ဦးရှိခဲ့ပြီး ကြိုတင်ကာကွယ်ခြင်း လုပ်ငန်းများ   ဆောင်ရွက်နေပြီဖြစ်ကြောင်း   ပြည်ခရိုင်ကျန်းမာရေးမှူးရုံးတွင် ပြုလုပ်သည့် သွေးလွန်တုတ်ကွေးရောဂါ ကာကွယ်နှိမ်နင်းရေး အသိပညာပေး အခမ်းအနားမှ သိရသည်။

“မနှစ်က မေလထဲမှာ တစ်ယောက်တည်း ဖြစ်ပေမယ့် အခု မေ ၁၆ရက်ပဲ ရှိသေးတယ်။ ရှစ်ယောက် report ရနေပါပြီ ”ဟု ပြည်ခရိုင်ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာ ဒေါ်အေးအေးမိုးက ဆိုသည်။

ရောဂါဖြစ်ပွားသူများမှာ ပြည်မြို့ ၅ ဦး၊ ပေါက်ခေါင်းမှ ၁ ဦး၊ ပေါင်းတည်မှ ၂ ဦး စုစုပေါင်း ၈ ဦးဖြစ်သည်။ ပြည်မြို့ ၅ ဦး အနက် ၂ ဦးမှာ Grade 3 အဆင့် ဝေဒနာသည်များဖြစ်ပြီး   သေဆုံးသူ မရှိဟုလည်း ဒေါ်အေးအေးမိုး ကပြောသည်။

မေလ ၁၆ ရက် နံနက်ပိုင်းက ပြည်ခရိုင် ကျန်းမာရေး ဦးစီးဌာနရုံးတွင် သွေးလွန်တုတ်ကွေး ရောဂါ ကာကွယ်နှိမ်နင်းရေး အသိပညာပေးအခမ်းအနားပြုလုပ်ခဲ့ရာ ခရိုင်နှင့်မြို့နယ် အုပ်ချုပ်ရေး ဌာနဆိုင်ရာများ ကျန်းမာရေးဝန်ထမ်းများ ပညာရေးဝန်ထမ်းများ အရပ်ဘက်လူမှု အဖွဲ့အစည်းများ တက်ရောက်ခဲ့ကြသည်။

ရောဂါပိုးတွေ့ရှိသည့်နေရာဒေသများတွင် ခြင်ဆေးဖြန်းခြင်း လုပ်ငန်းများ ဆောင်ရွက်ခဲ့ပြီး ပြည်မြို့ပေါ်ရပ်ကွက် ၁၀ခုတွင် မေလ ၂၁ ရက်မှ ၂၈ ရက်အထိ ပိုးလောက်လန်း နှိမ်နင်းရေး Abate ဆေးခပ်ခြင်းလုပ်ငန်းများ ဆောင်ရွက်သွားမည်ဟုလည်း သိရသည်။

ပြည်ခရိုင်အတွင်း ၂၀၁၄ ခုနှစ်တွင် သွေးလွန်တုတ်ကွေးရောဂါဖြစ်ပွားသူ ၃၁၈ ယောက် သေဆုံးသူ ၉ ဦး၊ ၂၀၁၅ ခုနှစ်တွင် ၃၈၅ဦး ရောဂါဖြစ်ပွားခဲ့ပြီး သေဆုံးသူ ၄ ဦး၊ ၂၀၁၆ ခုနှစ်တွင်  ၃၅ ဦး ရောဂါဖြစ်ပွားခဲ့ပြီး သေဆုံးသူတစ်ဦး ရှိခဲ့သည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly