မွန်ပါတီများ ပေါင်းစည်းရေး ကြိုးပမ်းမှု မအောင်မြင်

မွန်ပါတီများ ပေါင်းစည်းရေး ကြိုးပမ်းမှု မအောင်မြင်
ဓာတ်ပုံ - ချမ်းစွန်း

ချင်းမိုင်၊ မေ ၁၆ ။                     ။ မွန်အမျိုးသားပါတီနှင့် မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီတို့ ပေါင်းစည်းနိုင်ရေးအတွက် ကြိုးပမ်းနေသည့် နှစ်ပေါတီပေါင်းစည်းညှိနှိုင်းရေးအဖွဲ့မှ မွန်ပြည်သစ်ပါတီ(NMSP) နှုတ်ထွက်လိုက်သည်ဟု NMSP ၏ ဒုဥက္ကဌ နိုင်ဟံသာက ပြောသည်။

မွန်ပါတီများ ပေါင်းစည်းရန်အတွက် ညှိနှိုင်းရာတွင် ညှိနှိုင်းမရခြင်း၊ မွန်ပါတီများက မိမိတို့၏ ပါတီကို မဖျက်သိမ်းလိုခြင်းနှင့် ပေါင်းစည်းညှိနှိုင်းရေးကော်မတီက မွန်ပြည်သစ်ပါတီကို လက်မခံလိုခြင်း တို့ကြောင့် ဧပြီလ ၂၃ ရက်မှ မေလထိ ကျင်းပသော NMSPဗဟိုကော်မတီ အစည်းအဝေးတွင် နုတ်ထွက်ရန် ဆုံဖြတ်ခဲ့ခြင်း ဖြစ်ကြောင်း သူက မဇ္ဈိမကို ပြောသည်။

“နုတ်ထွက်လိုက်တယ်။ ဒါပေမဲ့ တခြားနည်းလမ်းနဲ့ ပြန်ပြီးတော့ ကြိုးစားမယ်လေ။ ပေါင်းစည်းရေးကိစ္စမှာ အန်ကယ်တို့က ညှိလို့မရတော့လည်း အလားအလာက နောက်ထပ်ပါတီတခု ထောင်ဖို့ တချို့ ကြိုးစားနေတယ်။ အဲဒီလို အနေအထားမျိုးဆိုတော့လည်း နှစ်ပါတီကနေ တစ်ပါတီဖြစ်ဖို့ ရည်ရွယ်ထားတဲ့ အန်ကယ်တို့ကတော့ သုံးပါတီ ဖြစ်သွားရင်မကောင်းဘူးလေ။ မွန်ပေါင်းစည်းရေးက မအောင်မြင်ဘူးလို့ ပြောရမယ်”ဟု နိုင်ဟံသာက ပြောသည်။

မွန်အမျိုးသားပါတီက လက်ခံသော်လည်း မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီမှခေါင်းဆောင်တချို့က လက်မခံသဖြင့် နုတ်ထွက်ခဲ့ခြင်း ဖြစ်သည်ဟု နိုင်ဟံသာက ပြောသည်။

“ပေါင်းစည်းရေးကို သူတို့ လက်မခံချင်ဘူး။ သူတို့ပါတီကို ဖျက်သိမ်းမခံချင်ဘူး။ သူတို့ကတော့ ပေါင်းစည်းရေးအပေါ်မှာ ယုံကြည်မှု မရှိဘူးဆိုတဲ့သဘော။ အဓိကအားဖြင့် မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီက ခေါင်းဆောင်ပိုင်းက မပေါင်းချင်တာ။ အန်ကယ်တို့ ညှိနှိုင်းရေအဖွဲ့ကို လက်မခံချင်ဘူး”ဟု သူက ပြောသည်။

မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီအား ဆက်သွယ်မေးမြန်းခဲ့သော်လည်း မရခဲ့ပေ။

လက်ရှိ မွန်နိုင်ငံရေးပါတီများ ပေါင်းစည်းရေး မအောင်မြင်သော်လည်း ပြည်တွင်း၊ ပြည်ပရှိ မွန်များ ပေါင်းစည်းနိုင်ရေးအတွက် NMSP အနေဖြင့် ဆက်လက် ကြိုးပမ်းသွားရန် နည်းလမ်းရှာ သွားမည်   ဖြစ်ကြောင်း သူက ပြောသည်။

“အန်ကယ်တို့ ညှိနှိုင်းရေးအဖွဲ့ကို သူတို့ ခေါင်းဆောင်တွေက အသိအမှတ်မပြုဘူး။ အဲဒါက အန်ကယ်တို့ ညှိနှိုင်းတဲ့ပုံစံအရ သူတို့က မလိုက်ဘူးလေ။ အဓိက သူတို့မပေါင်းချင်လို့ပါ။ အဲဒီအဖွဲ့ကနေ   နုတ်ထွက်ပြီးတော့ တခြားနည်းနဲ့ ကြိုးပမ်းအုန်းမယ်။ တခြားနည်းဆိုတာက မွန်တမျိုးသားလုံးစည်းလုံးညီညွတ်ရေး ဆက်လက်ပြီးတော့ကြိုးပမ်းသွားမယ်”ဟု သူက ဆက်လက် ပြောဆိုသည်။

ပြီးခဲ့သည့် ၂၀၁၆ ခုနှစ် နိုဝင်ဘာလမှစတင်၍ မွန်နှစ်ပါတီပေါင်းစည်းရေးအတွက် ပေါင်းစည်းညှိနှိုင်းရေးအဖွဲ့ကို မွန်ပြည်သစ်ပါတီမှ ၅ ဦး၊ သံဃာတော် ၈ ပါးနှင့် ပညာရှင် ၅ ဦး စုစုပေါင်း ၁၈ ဦးဖြင့် ဖွဲစည်းခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

မကြာမီ ရက်ပိုင်းက ကျင်းပပြီးစည်းခဲ့သော NMSP ဗဟိုကော်မတီ အစည်းအဝေးတွင် ညီညွတ်သော တိုင်းရင်းသား လူမျိုးများ ဖက်ဒရယ်ကောင်စီ (UNFC) အဖွဲ့ဝင်များဖြင့် ညှိနှိုင်း၍ NCA မူအတိုင်း ဆက်သွားရန်ဆုံးဖြတ်ခဲ့သည်ဟု နိုင်ဟံသာက ပြောသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly