ပြည်မြို့၊ နဝ​ဒေးသကြားစက်​မှ အလုပ်​ထုတ်ခံရ​သော အလုပ်​သမားများဆန္ဒပြ

ပြည်မြို့၊ နဝ​ဒေးသကြားစက်​မှ အလုပ်​ထုတ်ခံရ​သော အလုပ်​သမားများဆန္ဒပြ

ပြည်၊ မေ ၁၅ ။                 ။ ပဲခူးတိုင်း ပြည်ခရိုင် ပြည်မြို့နယ် နဝဒေးသကြားစက်မှ အလုပ်ထုတ်ခံရသော အလုပ်သမားများသည် နစ်နာကြေးများပေးရန်နှင့် အလုပ်ရှင်အား အရေးယူရန် မေလ ၁၅ ရက်က ဆန္ဒပြတောင်းဆိုခဲ့သည်။

"ညှိနှိုင်းဖြန်ဖြေရေးအဖွဲ့မှာ သုံးကြိမ် ညှိတော့လည်း အဆင်မပြေဘူး။ အနည်းဆုံးလစာအခကြေးငွေအောက် လျော့ရတာတွေ၊ အချိန်ပိုကြေး၊ လုပ်သက်ကြေး၊ နို့တစ်ကြေး (Notice)တွေရဖို့ လမ်းပေါ်ထွက်ဆန္ဒပြတာပါ။ စာချုပ်ချုပ်ဆိုဖို့ ပျက်ကွက်တဲ့ အလုပ်ရှင်ကို အရေးယူပေးဖို့ လဲ ပါတယ်"ဟု ဆန္ဒပြဟောပြောခဲ့သည့် အလုပ်သမားအရေးကူညီသူ ကိုဇော်ထွန်း (HRDP)က ပြောသည်။

မေ ၁၅ရက် နံနက် ၈နာရီအချိန်က ပြည်မြို့ ဗိုလ်ချုပ်ကျောက်ရုပ်တွင် စုဝေးဟောပြောမှုများပြုလုပ်ကာ တစ်လမ်းမောင်းလမ်း၊ လမ်းရှည်လမ်း၊ ရေလွှဲပေါက်လမ်း၊ ကမ်းနားလမ်း၊ ဖိုးခေါင်လမ်းမကြီးအတိုင်း နဝဒေးသကြားစက်ရှေ့သို့ ချီတက်ဆန္ဒပြခဲ့သည်။

အလုပ်သမားများက "စာချုပ်ချုပ်ရန်ပျက်ကွက်သည့် အလုပ်ရှင်ထောင်ချပစ်" "အနည်းဆုံးအခကြေးငွေအောက်လျော့ပေးသည့် အလုပ်ရှင် အလိုမရှိ " "လုပ်အားခေါင်းပုံဖြတ်သည့် အလုပ်ရှင် အလိုမရှိ" "ခေတ်သစ်ကျွန်စနစ်အလိုမရှိ" "လုပ်ခလစာ နှင့်အချိန်ပိုကြေးများပြန်လည်ရရှိရေး တို့အရေး"စသည့် ကြွေးကြော်သံများ ကြွေးကြော်ခဲ့သည်။

ပြည်မြို့နယ် ကုန်းသလင်းကျေးရွာအုပ်စု မြရွာကျေးရွာ အမှတ် (၁၂) နဝဒေးသကြားစက်တွင် မတ်လအတွင်းက စက်ရုံအလုပ်သမား ၄၃ ဦးကို လုပ်သားအင်အားလျော့သည့် အနေဖြင့် အလုပ်ရပ်နားခဲ့သည်။

အလုပ်သမား ၁၇ ဦးက အလုပ်သမားများ လုပ်သက်ဆု၊ လုပ်အားဆု၊ အချိန်ပိုကြေးများရလို ကြောင်း  ပြည်မြို့နယ်အလုပ်သမားညှိနှိုင်းဖြန်ဖြေရေးအဖွဲ့သို့ တိုင်တန်းခဲ့သည်။

၎င်းအမှုကို ပြည်မြို့နယ် အုပ်ချုပ်ရေးမှူးရုံးတွင် ဧပြီလ ၂၅ ရက်ကပထမအကြိမ် မေလ ၆ ရက်တွင် ဒုတိယအကြိမ် မေလ ၁၁ ရက်က တတိယအကြိမ် ညှိနှိုင်းမှုများပြုလုပ်ခဲ့သော်လည်း အလုပ်ရှင်အလုပ်သမားသဘောတူညီချက်မရခဲ့ပေ။

"ဆက်ပြီးတော့ညှိနှိုင်းဖို့ရှိပါသေးတယ်။ တကယ်တမ်းသူတို့ ဆန္ဒပြတာ ဆန္ဒစောလို့။ တိုင်းကနေ တိတိကျကျ ခိုင်ခိုင်မာမာ ခြေခြေမြစ်မြစ် တောင်းခဲ့သော် ကျနော်တို့ကုမ္ပဏီအနေနဲ့ အစိုးရနဲ့ တွဲထားတာဖြစ်လို့ ဘာမှမပေးနိုင်စရာ အကြောင်းမရှိပါဘူး"ဟု Sutech manufacturing ကုမ္ပဏီလိမိတက်၏ မန်းနေးဂျင်း ဒါရိုက်တာ ဦးမြဝင်းကပြောသည်။

နဝဒေးသကြားစက်ကို ၁၉၉၇ ခုနှစ်က စတင်လည်ပတ်ခဲ့ပြီး Sutech manufacturing ကုမ္ပဏီလိမိတက်က ၅၅ ရာခိုင်နှုန်း၊ အစိုးရမှ ၄၅ ရာခိုင်နှုန်း အစုစပ်လုပ်ကိုင်ခဲ့သည်။

နဝဒေးသကြားစက်တွင် အလုပ်သမား ၂၇၃ ဦး ရှိပြီး လုပ်သားတစ်ဦး၏ အခြေခံလစာ ၄၅၀၀၀၊ ပံ့ပိုးငွေ ၇၅၀၀၀ ကျပ် အချိန်ပိုကြေး တစ်နာရီ ၄၃၂ကျပ် ရရှိသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly