ပြင်သစ်တို့ရဲ့ ပျောက်ဆုံးနေတဲ့ ယုံကြည်ချက်တွေ ပြန်လည်ရှင်သန်လာစေရမယ်လို့ သမ္မတသစ် မက်ခရွန် ကတိပေး

ပြင်သစ်တို့ရဲ့ ပျောက်ဆုံးနေတဲ့ ယုံကြည်ချက်တွေ ပြန်လည်ရှင်သန်လာစေရမယ်လို့ သမ္မတသစ် မက်ခရွန် ကတိပေး

မေ ၁၅ ။               ။ နိုင်ငံမှာ ပြည်သူပြည်သားတွေရဲ့ ယုံကြည်ချက် ပျောက်ဆုံးနေမှုကို ပြန်လည်နိုးထရှင်သန်လာနိုင်အောင် မိမိလက်ထက်မှာ အထူးဦးစားပေး လုပ်ဆောင်ပေးသွားမယ်ဆိုပြီး ပြင်သစ် သမ္မတသစ် အီမန်နျူရယ် မက်ခရွန်က ကတိပေးပြောကြားလိုက်ပါတယ်။

အသက် ၃၉ နှစ်သာ ရှိနေတဲ့ အလယ်အလတ်ဝါဒီ မက်ခရွန်ဟာ ယမန်နေ့ မေလ ၁၄ ရက်ကမှ  သမ္မတအဖြစ် တရားဝင် ကျမ်းသစ္စာ ကျိန်ဆိုခဲ့ပြီး နိုင်ငံရဲ့ အသက်အငယ်ဆုံး သမ္မတ ဖြစ်လာခဲ့ပါတယ်။

သမ္မတအဖြစ် ကျမ်းကျိန်ပြီး ပြည်သူတွေကို ပထမဆုံးအကြိမ် မိန့်ခွန်းပြောကြားရာမှာတော့ မက်ခရွန်က ၎င်းလက်ထက်မှာ နိုင်ငံမှာ ပြည်သူပြည်သားတွေ ယုံကြည်ချက် ပျောက်ဆုံးနေမှုကို   ပြန်လည်နိုးထလာနိုင်အောင်လုပ်ဆောင်ပေးသွားမှာဖြစ်သလို ဥရောပသမဂ္ဂအဖွဲ့ကြီးကိုလည်း ပြန်လည်ပြုပြင်ပြောင်းလဲသွားမှာ ဖြစ်ကြောင်း ပြောဆိုသွားပါတယ်။

၎င်းလက်ထက်မှာ နံပါတ်တစ်ဦးစားပေးလုပ်ဆောင်သွားမှာက ပြည်သူတွေကို ယုံကြည်ချက်တွေ ပြန်လည်ရရှိစေနိုင်အောင် လုပ်ပေးဖို့ ဖြစ်ကြောင်းနဲ့ ဒုတိယကတော့ ပြင်သစ်နိုင်ငံကို ကမ္ဘာ့အလယ်မှာ ဒီမိုကရေစီနဲ့ လွတ်လပ်မှု ဆိုင်ရာ စံပြနိုင်ငံအဖြစ် လုပ်ဆောင်သွားမှာ ဖြစ်ကြောင်း သမ္မတသစ် က ဆိုပါတယ်။

သမ္မတသစ် မက်ခရွန်ဟာ ပြီးခဲ့တဲ့ ရွေးကောက်ပွဲအတွင်းက လက်ယာယိမ်း ဝါဒီ မရင်းန် လီပန်းကို အနိုင်ရပြီး တစ်ပတ်အကြာ ယမန်နေ့ မတ်လ ၁၄ ရက်မှာပဲ သမ္မတအိမ်တော်မှာ သမ္မတဟောင်း ဖရန်ဆွာ ဟော်လန်ဒေးဆီကနေ အာဏာလွှဲပြောင်းရယူခဲ့တာဖြစ်ပါတယ်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags