မြိတ်မြို့၌ WY ဆေးပြား(၆၄၀၀၀)ကျော်နှင့်အတူ လူ (၉)ဦးဖမ်းမိပြီး နှစ်ဦးလွတ်မြောက်

မြိတ်မြို့၌ WY ဆေးပြား(၆၄၀၀၀)ကျော်နှင့်အတူ လူ (၉)ဦးဖမ်းမိပြီး နှစ်ဦးလွတ်မြောက်

မြိတ်၊ မေ- ၁၅ ။          ။ တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်မြို့တွင် WY ဆေးပြား(၆၄၀၀၀)သောင်းကျော်နှင့်အတူ ဆက်စပ်ကွင်းဆက် ကိုးဦးဖမ်းဆီးနိုင်ခဲ့ပြီး နှစ်ဦးမှာလွှတ်မြောက်နေဆဲဖြစ်ကြောင်း မြိတ်မြို့၊ မြို့မရဲတပ်ဖွဲ့မှတ်တမ်းအရ သိရသည်။

မေ ၁၄ ရက် မွန်းလွဲ ၂ နာရီခွဲခန့်က မူးယစ်ဆေးဝါးလက်ဝယ်ထားရှိသူတစ်ဦးအား မြိတ်မြို့၊ ကလွင် ကျေးရွာအုပ်စု၊ ပုလဲဒီပါရပ်ကွက်မှ ဖမ်းဆီးရမိခဲ့ပြီး ၎င်း၏ကွင်းဆက်တရားခံအဖြစ် နှစ်ဦးထပ်မံ ဖမ်းဆီးခဲ့ရကြောင်း သိရသည်။

ဖမ်းမိခဲ့သည့် ဆက်စပ်တရားခံတစ်ဦးမှာ မြိတ်မြို့ ကန်ခေါင်းရပ်ကွက်နေသူဖြစ်ပြီး ၎င်းတစ်ဦးတည်းမှ ဆေးပြား(၆၀၀၀၀)ကျော် တွေ့ရှိသိမ်းဆည်းမိကြောင်းသိရသည်။

ကွင်းဆက်စစ်ဆေးမှုမှတ်တမ်းအရ ယင်းနေ့ ညနေ ၆ နာရီခွဲခန့်၌ WYဆေးပြား ၄၃၀၅ ပြားနှင့် အတူ မူးယစ်ဆေးဝါးလက်ဝယ်ထားရှိသ(၄)ဦးကို ထပ်မံဖမ်းဆီးနိုင်ခဲ့ပြီး ကွင်းဆက်များထပ်မံဖမ်းဆီးခဲ့ရာ ကျန်ရှိသည့် ကွင်းဆက်တရားခံ တစ်ဦး ထပ်မံဖမ်းဆီးနိုင်ခဲ့သော်လည်း အခြားကွင်းဆက်တရားခံတစ်ဦးမှာ ထွက်ပြေးတိမ်းရှောင်သွားကြောင်းသိရသည်။

အလားတူ ညနေ ၄ နာရီခန့်၌ မြိတ်မြို့ဘုရားကိုင်လမ်းမကြီးပေါ်မှ မူးယစ်ဆေးဝါးလက်ဝယ်ထားရှိသူ တစ်ဦးကို ဖမ်းဆီးခဲ့ပြီး ၎င်း၏ ကွင်းဆက်ဖြစ်သူတစ်ဦးကိုမူ ဖမ်းဆီးရရှိနိုင်ရေးအတွက် စုံစမ်းနေဆဲဖြစ်ကြောင်း ရဲတပ်ဖွဲ့မှတ်တမ်းအရသိရသည်။

ဖမ်းဆီးမိခဲ့သည့် WY ဆေးပြားစုစုပေါင်း(၆၄,၀၀၀)ပြားကျော်ပြီး တန်ဖိုးအားဖြင့် ဒေသပေါက်ဈေးအရ သိန်းသုံးထောင်နှစ်ရာကျော်ခန့်တန်ဖိုးရှိကြောင်း ရဲတပ်ဖွဲ့ မှတ်တမ်း၌ ဖော်ပြထားကြောင်း   တွေ့ရသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly