လူနှစ်ဦး သေဆုံးခဲ့သော ကနီလေပြင်းအတွက် ကျပ်သိန်း ၄၀ ကျော် ကနဦးထောက်ပ့ံ

လူနှစ်ဦး သေဆုံးခဲ့သော ကနီလေပြင်းအတွက် ကျပ်သိန်း ၄၀ ကျော် ကနဦးထောက်ပ့ံ
(ဓာတ်ပုံ-MOI)

မုံရွာ၊ မေ ၁၅ ။                    ။ ယခုလ ၁၄ ရက် ညနေပိုင်းက ကနီမြို့နယ်တွင် လေပြင်းတိုက်ခတ်ခဲ့သည့်အတွက် လူနှစ်ဦး သေဆုံးခဲ့ပြီး ကနဦးထောက်ပံ့မှုအဖြစ် ကျပ်သိန်း ၄၀ ကျော်   ထောက်ပံ့ပေးထားကြောင်း လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာနမှ သိရသည်။

"သေဆုံးသူနှစ်ဦးအတွက် ကျပ်သုံးသိန်းစီနဲ့ အခြားလေဘေးသင့်အိမ်တွေအတွက် ကျပ်သိန်း ၄၀၊ စုစုပေါင်း ၄၆ သိန်းထောက်ပံ့ထားပါတယ်။ အိမ်ခြေအတိအကျ စာရင်းကောက်ပြီးရင် ဆက်လက်ထောက်ပံ့ရဦးမှာပါ။" ဟု လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည် နေရာချထားရေးဦးစီးဌာနမှ ဦးစီးမှူး ဒေါ်မီမီထွန်းက ပြောသည်။

အိမ်ခြေ ၃၀၀ ကျော် လေဘေးသင့်ခဲ့ကြောင်း ကြားသိထားသော်လည်း အိမ်ခြေ ၁၅၀ ခန့်ကိုသာ တရားဝင်စာရင်းကောက်ယူပြီးဆဲ ဖြစ်ကြောင်း၊ ဆက်လက်စာရင်းကောက်ယူနေဆဲဖြစ်ကြောင်း ၎င်းကဆက်လက်ပြောကြားသည်။

မိုးရွာသွန်းစဉ် မိုးသီးများပါ ကျဆင်းခဲ့ပြီး လေပြင်းတိုက်ခတ်မှုကြောင့် အိမ်ပြိုကျ၍ လူ(၂)ဦးသေဆုံးပြီး၊ (၆)ဦးဒဏ်ရာရရှိမှုများ ဖြစ်ပွားခဲ့ကြောင်း မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးမှ သိရသည်ဟု ပြန်ကြားရေးမှ သတင်းထုတ်ပြန်သည်။

လေပြင်းကြောင့် ကနီမြို့ပေါ်(၃) ရပ်ကွက်နှင့် ကျေးရွာအုပ်စု အချို့တို့တွင် လူနေအိမ်နှင့် စာသင်ကျောင်းဆောင်၊ သာသနိက အဆောက်အဦများ ပြိုကျခြင်း၊ လျှပ်စစ်ဓါတ်တိုင်များ လဲကျခြင်းများ ဖြစ်ပေါ်ခဲ့ပြီး လူများထိခိုက်ဒဏ်ရာများရရှိခဲ့သည်။

အဆိုပါ လေပြင်းတိုက်ခိုက်မှုကြောင့် ယခုအချိန်ထိ ကောက်ယူရှိမှု စာရင်းများအရ မြို့ပေါ်ရပ်ကွက် သုံးရပ်ကွက်နှင့် ကျေးရွာအုပ်စုသုံးအုပ်စု တို့မှ လူနေအိမ် ၅ လုံး ပြိုကျခြင်း၊ လူနေအိမ်(၁၂၄)လုံး အမိုးလန်ပျက်စီးခြင်း၊ သာသနိက အဆောက်အဦ ၂ လုံး၊ စာသင်ကျောင်း (၁)ကျောင်းနှင့် ဌာနဆိုင်ရာအဆောက် အဦ(၉)လုံး၊ လျှပ်စစ်မီးလိုင်းပြတ်ကျပြီး ဓါတ်တိုင်များ ကျိုးပဲ့ပျက်စီးမှုများဖြစ်ခဲ့ကြောင်း သတင်းနှင့် ပြန်ကြားရေးမှ သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly