ALP အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲကျင်းပနိုင်ရေး နိုင်ငံတော်အတိုင်ပင်ခံ နှင့် တပ်ချုပ်ထံ စာပေးပို့ရန် PPST ဆုံးဖြတ်

ALP အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲကျင်းပနိုင်ရေး နိုင်ငံတော်အတိုင်ပင်ခံ နှင့် တပ်ချုပ်ထံ စာပေးပို့ရန် PPST ဆုံးဖြတ်

မေလ ၁၃   ။             ။ ရခိုင်ပြည်လွတ်မြောက်ရေးပါတီ(ALP)က လူမျိုးအလိုက် အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲ ကျင်းပနိုင်ရန်အတွက် နိုင်ငံတော် အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်နှင့် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်တို့ထံ တိုင်းရင်းသား လက်နက်ကိုင် တော်လှန်ရေး အဖွဲ့အစည်းများ ငြိမ်းချမ်းရေး လုပ်ငန်းစဉ် ဦးဆောင်အဖွဲ့ (PPST) မှ စာပေးပို့မည် ဖြစ်သည်။

တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးသဘောတူစာချုပ် (NCA) လက်မှတ်ရေးထိုးထားသော တိုင်းရင်းသား လက်နက်ကိုင် တော်လှန်ရေး အဖွဲ့အစည်းများ ငြိမ်းချမ်းရေး လုပ်ငန်းစဉ် ဦးဆောင်အဖွဲ့ (PPST)က ထိုင်းနိုင်ငံ ချင်းမိုင်မြို့တွင် မေလ ၁၃ ရက်နေ့ အစည်းအဝေးတွင် ကျင်းပသော အစည်းအဝေးမှ ဆုံးဖြတ်ခဲ့ခြင်း ဖြစ်သည်။

“ရခိုင်ALP ကနေ လူမျိုးအလိုက် အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးနိုင်ဖို့အတွက် အစွမ်းကုန် ကြိုးပမ်းမယ်လို့ သဘောတူထားတယ် ။ အစိုးရက အထူးသဖြင့် ၂၁ ရာစုပင်လုံ မတိုင်ခင်ပေါ့လေ။ အဲဒီအစွမ်းကုန်ကြိုးစားတာက ဘယ်အခြေအနေရောက်ပြီလဲဆိုတာ မေးခွန်းမျိုး မေးရင်းနဲ့ ကျွန်တော်တို့ အားလုံးက ဒါဖြစ်စေချင်တဲ့ ဆန္ဒရှိတယ်ဆိုတာ စာရေးဖို့ ဆုံးဖြတ်ပါတယ်”ဟု PNLO မှ ဗိုလ်မှူးကြီး ခွန်ဥက္ကာက ပြောသည်။

ALP က ၂၁ ရာစုပင်လုံ ညီလာခံတက်ရောက်မည် ဖြစ်သလို၊ ရှမ်းပြည်ပြန်လည် ထူထောင်ရေးကောင်စီ (RCSS)ကလည်း လူမျိုးအလိုက် အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲကို ဒုတိယ အကြိမ် ၂၁ ရာစုပင်လုံ ညီလာခံ မတိုင်မီ ကျင်းပနိုင်ခြင်း မရှိသော်လည်း နောက်တကြိမ် ညီလာခံ မတိုင်မီ ကျင်းရန်နှင့် ယခု ဒုတိယအကြိမ် ၂၁ ရာစုပင်လုံ ညီလာခံသို့လည်း တက်ရောက်မည် ဖြစ်ကြောင်း ဆွေးနွေးဆုံးဖြတ်ခဲ့သည်ဟု သူက ပြောသည်။

NCA ပြဌာန်းချက်အညီ အမျိုးသားအဆင့် နိုင်ငံရေး ဆွေးနွေးပွဲ ကျင်းပရန် အခန်း ၅ ပုဒ်မ ၂၀ (ဂ)တွင် ဖော်ပြထားသည့် အတိုင်း ယနေ့ အစည်းအဝေးတွင် အဆိုတင်သွင်းခဲ့ပြီး PPST မှ ဆက်လက် တွန်းအားပေးရန်နှင့် ဆွေးနွေး ဆုံးဖြတ်ခဲ့သည်ဟု ALP ဒုဥက္ကဋ္ဌ ခိုင်စိုးနိုင်အောင်က ပြောသည်

“ခွင့်ပြုတာ မပြုတာကတော့ အစိုးရနဲ့ တပ်မတော် တာဝန်ပဲ။ ကျွန်တော်တို့က နိုင်ငံတကာကို ဒီလို ရှိတယ်ဆိုတာ ကျွန်တော်တို့ ဖော်ပြတာပဲ။ ခွင့်ပြုတာ မပြုတာက သူတို့ အပိုင်းပဲ။ တင်ပြရမှာ ကျွန်တော်တို့တာဝန်။ ဒီအစည်းအဝေးကတော့ ဆုံးဖြတ်တယ်။ မဆုံးဖြတ်ဘူး ဆိုတာ ကျွန်တော်တို့ တင်ပြတဲ့အပေါ်မှာ အလေးထားပြီး ဆွေးနွေးတော့ သက်ဆိုင်ရာကို တွန်းအားပေးမယ်။ ကျွန်တော်တို့မှာ ကျင်းပရေးကော်မတီဆိုတာ ဖွဲ့ပြီးသားဖြစ်တယ်။ အဆင်သင့်ဖြစ်တယ်ဆိုတာ ဖော်ပြတာပဲ”ဟု ALP ဒုဥက္ကဋ္ဌ ခိုင်စိုးနိုင်အောင်က သတင်းထောက်များကို ပြောသည်။

ယနေ့ အစည်းအဝေးတွင် ချင်းအမျိုးသားတပ်ဦး (CNF)ကလည်း တပ်မတော်မှ ချင်းပြည်နယ်တွင် တိုက်ပွဲများ မရှိသဖြင့် ဖွဲ့စည်းခွင့် မပြုသေးသော ပစ်ခတ် တိုက်ခိုက်မှု စောင့်ကြည့်ရေးကော်မတီ (JMC-S) ဖွဲ့စည်းနိုင်ရန် တင်ပြမှုအပေါ် ဆွေးနွေးခဲ့သည်ဟု ဗိုလ်မှူးကြီး ခွန်ဥက္ကာက ပြောသည်။

ထို့ပြင် ပြည်ထောင်စု ငြိမ်းချမ်းရေးဆွေးနွေးမှု ပူးတွဲကော်မတီ (UPDJC) အစည်းအဝေးမှ ဆွေးနွေးခဲ့သော ပြည်နယ်နှင့်တိုင်းဒေသတွင် ကိုယ်ပိုင် ဖွဲ့စည်းပုံအခြေခံ ဥပဒေ ရေးဆွဲခွင့် အပါအဝင် ကဏ္ဍ ၅ ခုကိုလည်း ဆွေးနွေးတင်ပြခြင်း၊ ၂၁ ရာစုပင်လုံ ညီလာခံ ပါဝင်တက်ရောက်ရန် ပံ့ပိုးကူညီရန်အတွက် နည်းလမ်းများများကို ဆွေးနွေးခဲ့သည်ဟု သူက ဆက်လက် ပြောသည်။

ထိုအစည်းအဝေးကို မနက်ဖြန် နေ့တစ်ဝက်ထိ ကျင်းပမည် ဖြစ်ပြီး ညီညွတ်သော တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ (UNFC)ကိစ္စ၊ ကြားကာလ အစီအစဉ်များဆိုင်ရာ ကော်မတီကိစ္စတို့   ဆွေးနွေးသွားမည် ဖြစ်သည်။

ယနေ့ကျင်းပသော အစည်းအဝေးတွင် NCA လက်မှတ်ရေးထိုးထားသော အဖွဲ့အစည်း ၈ ဖွဲ့မှ ကရင်အမျိုးသားအစည်းအရုံး (KNU) ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး မူထူးစေးဖိုး၊ ရှမ်းပြည်ပြန်လည် ထူထောင်ကောင်စီ (RCSS) ဗိုလ်ချုပ်ကြီး ယွက်စစ်တို့ အပါအဝင် ၁၀ ဦး ကျော် တက်ရောက် ဆွေးနွေးနေသည်။

၂၀၁၅ ခုနှစ် အောက်တိုဘာလက အစိုးရနှင့် NCA လက်မှတ်ထိုးခဲ့သော ကရင်အမျိုးသားအစည်းအရုံး (KNU)၊ ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ် (PNLO)၊ ချင်းအမျိုးသားတပ်ဦး (CNF)၊ ရှမ်းပြည်ပြန်လည် ထူထောင်ရေးကောင်စီ (RCSS)၊ မြန်မာနိုင်ငံလုံးဆိုင်ရာကျောင်းသားများ ဒီမိုကရက် တစ်တပ်ဦး (ABSDF)၊ ရခိုင်ပြည်လွတ်မြောက်ရေးပါတီ (ALP)၊ ကရင်အမျိုးသား အစည်းအရုံး (ငြိမ်းချမ်းရေးကောင်စီ)-(KNU-PC) ဒီမိုကရေစီအကျိုးပြု ကရင့်တပ်မတော် (DKBA) တို့ ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly