ကျပ်သန်း ၃၅ဝဝ ကျော်ရှိ အခွန်မဲ့နှင့် တရားမဝင်ကုန်များအား လေးလအတွင်း ဖမ်းမိခဲ့

ကျပ်သန်း ၃၅ဝဝ ကျော်ရှိ အခွန်မဲ့နှင့် တရားမဝင်ကုန်များအား လေးလအတွင်း ဖမ်းမိခဲ့

ရန်ကုန်၊ မေလ ၁၃ ။             ။ ခန့်မှန်းတန်ဖိုး ကျပ်သန်းပေါင်း ၃၅ဝဝ ကျော်ရှိ အခွန်မဲ့နှင့် တရားမဝင်ကုန်များအား  လေးလအတွင်း မန္တလေး -မူဆယ် ပြည်ထောင်စုလမ်းမကြီးရှိ   ရေပူအမြဲတမ်းစစ်ဆေးရေးစခန်းမှ   ဖမ်းဆီးရမိခဲ့သည်ဟု ရေပူအမြဲတမ်းစစ်ဆေးရေးစခန်းပူးပေါင်းစစ်ဆေးရေးအဖွဲ့ တာဝန်ခံ၊ အကောက်ခွန်ဦးစီးဌာနရုံးချုပ် ဒုတိယ ညွှန်ကြားရေးမှူး ဦးတက်ထွန်းအောင်က မေလ ၁၃ ရက်တွင် မဇ္ဈိမသို့ ပြောသည်။

“ ဒီ တန်ဖိုးတွေ အားလုံးက ရေပူက ဖမ်းဆီးလိုက်တဲ့ ကုန်တွေရဲ့တန်ဖိုးတွေ အကုန်ပါတယ်။ တရားမဝင် သယ်လာတဲ့ သစ်တွေရော၊ ကျောက်တွေရော စားသုံးလို့မသင့်တဲ့ ကုန်တွေနဲ့ အခွန်မဲ့ပစ္စည်းတွေ အကုန်ပါတယ်။ အခုလို ဖမ်းဆီးတဲ့အတွက် ရေပူဂိတ်မှာ ကားဖြတ်တာတွေတောင် နည်းသွားတယ်။ တစ်ချို့ လုပ်ငန်းရှင်တွေဆို တစ်ခြားဘက်တွေ ပြောင်းသွားကြတယ်လို့ ကြားတယ်”ဟု ဦးတက်ထွန်းအောင်က ရေပှုဂိတ်တွင် ဖမ်းဆီး ရမိသည့် ကုန်ပစ္စည်းတန်ဖိုးများနှင့် ပတ်သက်ပြီးပြောသည်။

ပြီးခဲ့သည့် ဇန်နဝါရီလ ၁၆ ရက်မှ ဧပြီလ ၂ဝ ရက်နေ့အထိ အဆိုပါ ရေပူအမြဲတမ်းစစ်ဆေးရေး စခန်းဂိတ်အနီးမှ ဖမ်းဆီးရမိခဲ့သည့် အမှုပေါင်း ၁၉၇ မှုရှိခဲ့ပြီး ကုန်ပစ္စည်းများမှာ ခန့်မှန်းတန်ဖိုး စုစုပေါင်း ကျပ်သန်းပေါင်း ၃၅ဝဝ ကျော် (၃,၅၂၀,၈၄၂,၃၇၅)ထိရှိကြောင်း ဦးတက်ထွန်းအောင်က ပြောသည်။

အဆိုပါ ရေပူအမြဲတမ်းစစ်ဆေးရေးစခန်းဂိတ်မှ နေ့စဉ် ကုန်တင်ကားပေါင်း ၅ဝဝဝ မှ ၆ဝဝဝထိ ဖြတ်သန်းသွား လာနေပြီး ဖြတ်သန်းနေသောကားများမှ တရားမဝင်သယ်ဆောင်လာသည့် မူးယစ်ဆေးဝါးများ၊ မှောင်ခို ကျောက်စိမ်းများနှင့် သစ်များ၊ အရည်အသွေးမမှီသည့် စားသောက်ကုန်များ၊ အခွန်မဲ့စားသောက်ကုန်စည်များ နှင့် အသုံးအဆောင်ပစ္စည်းများကို ဇန်နဝါလ ၁၆ ရက်မှ စတင်ကာ ရေပူ အမြဲတမ်းစစ်ဆေးရေးစခန်းမှ ပူးပေါင်း စစ်ဆေးရေးအဖွဲ့ ၁၂ ဖွဲ့ဖြင့် စစ်ဆေးဖမ်းဆီးနေခြင်းဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly