ကျားတက်​တိုက်နယ်ဆေးရုံဆရာဝန်အား ဒေသခံများ ဆန္ဒပြ

ကျားတက်​တိုက်နယ်ဆေးရုံဆရာဝန်အား ဒေသခံများ ဆန္ဒပြ

ဆားလင်းကြီး၊ မေ ၁၃ ။              ။ စစ်ကိုင်းတိုင်းဒေသကြီး ၊ ဆားလင်းကြီးမြို့နယ် ကျားတက်တိုက်နယ်ဆေးရုံ၌ လက်ရှိတာဝန်ကျတိုက်နယ်ဆရာဝန်မှာ ဒေသခံများ၏ အထွေထွေ ကျန်းမာရေးအတွက် ဆေးဝါးကုသပေးနေခြင်း များတွင် လိုအပ်ချက်များရှိနေကြောင်း စီတန်းလှည့်လည်ဆန္ဒပြပွဲတစ်ရပ်ကို ယနေ့ မေလ ၁၃ ရက် နံနက်ပိုင်း က ပြုလုပ်ခဲ့ကြသည်။

မေလ ၉ ရက်က ကျားတက်ဆေးရုံသို့ တက်ရောက်ကုသရာမှ အမျိုးသမီးတစ်ဦးသေဆုံးခဲ့ပြီးနောက် ယင်းသို့ ဆန္ဒပြပွဲတစ်ရပ် ပြုလုပ်ခဲ့ခြင်းဖြစ်သည်။

ဆန္ဒပြပွဲတွင် လက်ပံအေးကျေးရွာမှ ကိုမောင်ကြူးက ဦးဆောင်ကာ ဇီးပင်နီ၊ဇေယျာကုန်းနှင့်အခြားသော အနီးဝန်းကျင်ကျေးရွာများမှ လူအင်အား ၁၀၀၀ ခန့်က ကျားတက်တောရကျောင်းရှေ့မှ တိုက်နယ်ပြည်သူ့ဆေးရုံ(ကျားတက်)အထိ လမ်းလျှောက်ချီတက်ခဲ့ကြပြီး သက်ဆိုင်ရာဝန်ကြီးဌာနမှ အတတ်နိုင်ဆုံးကို အမြန်ဆုံးတာဝန်ယူ၍ ပြုပြင်ပြောင်းလဲခြင်းများဆောင်ရွက်ပေးပါရန် ဆန္ဒထုတ်ဖော်ခဲ့ကြသည်။

ဖြစ်စဉ်မှာ မေလ ၉ ရက်နေ့က လက်ပံအေးကျေးရွာမှ ကိုနေမျိုးသူ၏ ဇနီး မခိုင်မာနွယ်မှာ သွေးနည်း နည်းဆင်း၍ ကျားတက်ဆေးရုံသို့ သွားရောက်ပြသရာ သားလျှောခြင်းကြောင့် သားအိမ်ခြစ်ကုသခဲ့ရာ ကုသပြီးသော်လည်း သွေးများဆက်လက်ကျဆင်းနေသောကြောင့် မုံရွာဆေးရုံသို့ လွှဲပြောင်းခဲ့ရာ လမ်းခုလပ်တွင် အသက်ဆုံးရှုံးခဲ့ကြောင်း သိရသည်။

ထိုကဲ့သို့ အခြားကျေးရွာမှ လူနာများလည်းဖြစ်ပွားခဲ့ခြင်းကြောင့် ယခုလက်ရှိဆရာဝန်အား ဆေးရုံတွင် မရှိစေရန်နှင့် ပြည်သူများကျန်းမာရေးစောင့်ရှောက်မှု ကောင်းမွန်စွာရရှိစေရန်အတွက် ဖြစ်ကြောင်း လက်ပံအေးကျေးရွာမှ ဦးဖိုးဆန်းက မဇ္ဈိမသို့ ပြောသည်။

ဆန္ဒပြသူများက “ ဆေးဝါးကုသမှု မကျွမ်းကျင်သောဆရာဝန် အလိုမရှိ၊ ဆေးဝါးကုသမှုမှားယွင်းစွာဖြင့် သေဆုံးမှုမရှိစေရေး ဒို့အရေး ၊ ကျွမ်းကျင်သောဆေးဝါးကုသမှုဖြင့် ပြည်သူကိုစောင့်ရှောက်ပေးရေး ဒို့အရေး ၊ အရေးပေါ်ကုသခံ လူနာများအား အချိန်မီစောင့်ရှောက် ကယ်တင်ပေးရေး ဒို့အရေး”ဟု ကြွေးကြော်ဆန္ဒထုတ်ဖော်ခဲ့ကြကြောင်း သိရသည်။

ဆားလင်းကြီးမြို့နယ်၊ မဲဆန္ဒနယ်အမှတ် (၂)မှ တိုင်းဒေသကြီးလွှတ်တာ်ကိုယ်စားလှယ် ဦးစောမောင်က  အဆိုပါ ဆန္ဒပြပွဲဖြစ်စဉ်၊ ဖြစ်ရပ်များကို အစိုးရအဖွဲ့နှင့် တိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌထံသို့ အစီရင်ခံစာ တင်ပြသွားမည်ဟု ဆိုသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly