မူးယစ်ဆေးဝါးများ ဖြန့်ဖြူးနေသူတစ်ဦးအား မုံရွာတွင် ဖမ်းမိ

မူးယစ်ဆေးဝါးများ ဖြန့်ဖြူးနေသူတစ်ဦးအား မုံရွာတွင် ဖမ်းမိ

မုံရွာ၊ မေ ၁၃။    ။  မုံရွာမြို့တွင် မူးယစ်ဆေးဝါးများ ဖြန့်ဖြူးရောင်းချနေသူတစ်ဦးအား မေလ ၁၂ ရက် နေ့လည်ပိုင်းက ဖမ်းဆီးရမိခဲ့ကြောင်း မုံရွာမြို့မရဲစခန်းမှ သိရသည်။

မုံရွာမြို့၊ အိုးဘိုတောင်ရပ်ကွက်တွင် လုယက်မှုသတင်းများအား လျှို့ဝှက်စုံစမ်းနေစဉ် မသင်္ကာသူ ဆိုင်ကယ်စီး လူငယ်တစ်ဦးအား ရပ်တန့်ရှာဖွေရာမှ ယင်းသို့ဖမ်းဆီးရမိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ထိုသူမှာ အောင်နေလင်း ၃၃ နှစ် ဆိုသူဖြစ်ပြီး ၎င်းလွယ်ထားသော အိတ်အတွင်းမှ ဘိန်းဖြူဟုယူဆရသော ဖြူဝါကြားမှုန့် (၃၄) ဂရမ်၊ OPPO တံဆိပ်ပါဖုန်းတစ်လုံး၊ ငွေစက္ကူ ၅၇၃၄၀၀ ကျပ်တို့အား လက်ဝယ်တွေ့ရှိခဲ့ခြင်း ဖြစ်သည်။

၎င်း၏ ထွက်ဆိုချက်အရ မုံရွာမြို့၊ အလုံတပ်မြို့နေသူတစ်ဦးအား ဘိန်းဖြူထည့်ထားသော ဆပ်ပြာခွက် ၂ ခွက်အား ရောင်းချခဲ့ကြောင်း သိရသဖြင့် သွားရောက်ဖမ်းဆီးခဲ့သော်လည်း နေအိမ်၌ တွေ့ရှိရခြင်းမရှိခဲ့ကြောင်း မုံရွာမြို့မရဲစခန်းမှ သိရသည်။

ထို့ကြောင့် မူးယစ်ဆေးများအား မုံရွာမြို့တွင် လာရောက်ဖြန့်ဖြူးရောင်းချသူ အောင်နေလင်းအား မယ(ပ)၉/၂၀၁၇၊ မူးစိတ်ပုဒ်မ ၁၅/၁၉(က)/၂၀(က)/၂၁ တို့ဖြင့် မုံရွာမြို့မရဲစခန်းတွင် အမှုဖွင့်အရေးယူထားကြောင်း သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly