ငပလီကမ်းခြေတည်တံ့ရေး အမှိုက်ကိစ္စမှာ စိုးရိမ်စရာ ဖြစ်နေဆဲဟု ထုတ်ပြန်

ငပလီကမ်းခြေတည်တံ့ရေး အမှိုက်ကိစ္စမှာ စိုးရိမ်စရာ ဖြစ်နေဆဲဟု ထုတ်ပြန်
ဓာတ်ပုံ-မင်းမင်း(RiA)

မေလ ၁၂ ။           ။ ငပလီကမ်းခြေဒေသ၏ ခရီးသွားလုပ်ငန်း ရေရှည်တည်တံ့ရေးအတွက် အမှိုက်ကိစ္စမှာ စိုးရိမ်စရာ ဖြစ်နေဆဲဖြစ်သည်ဟု မေလ ၈ရက်နှင့် ၉ ရက်နေ့တွင် ဒုတိယအကြိမ် အလုပ်ရုံဆွေးနွေးပွဲ တစ်ရပ်ကျင်းပကာ သတင်းထုတ်ပြန်ခဲ့သည်။

ဟန်းဆိုင်ဒယ်ဖောင်ဒေးရှင်း (HSF) ၊ မြန်မာ့စီးပွားရေးကဏ္ဌတာဝန်ယူမှုရှိရေး အထောက်အကူပြုဌာန (MCRB) နှင့် Myanmar Responsible Tourism Institute (MRTI) တို့မှ ငပလီကမ်းခြေတွင် ဆွေးနွေးပွဲ ကျင်းပကာ  မေလ ၁၁ရက်တွင် သတင်းထုတ်ပြန်ခဲ့ခြင်း ဖြစ်သည်။

သဘာဝပတ်ဝန်းကျင်ဆိုင်ရာ စိုးရိမ်စရာများအနက် အမှိုက်ထိန်းသိမ်းခြင်းသည် အစိုးရိမ်ရဆုံးကိစ္စရပ် ဖြစ်နေပြီး  ဒုတိယကိစ္စမှာ ကမ်းခြေမှ သဲများထုတ်ယူနေမှုကို တက်ရောက်လာသူများက တင်ပြခဲ့သည်။

“ငပလီတွင် ခရီးသွားအရေအတွက် ပိုမိုလာရောက်လည်ပတ်နိုင်ရေး လေဆိပ်နှင့် လေယာဉ်ပြေးလမ်း တိုးချဲ့ရေးအစီအစဉ်မတိုင်မီ အမှိုက်ကိစ္စကိုဦးစွာဖြေရှင်းရမည်ဖြစ်ကြောင်း”ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာန မှ ပြည်ထောင်စုဝန်ကြီး ဦးအုန်းမောင် ပြောကြားခဲ့သည်။

ယမန်နှစ်၂၀၁၆ ခုနှစ် ၌ ပြုလုပ်ခဲ့သော ပထမအကြိမ်အလုပ်ရုံဆွေးနွေးပွဲတွင် အမှိုက်ကိစ္စအား စိုးရိမ်စရာအကောင်းဆုံးကိစ္စအဖြစ်တင်ပြခဲ့ပြီး ယခုနှစ် ဆက်လက်စိုးရိမ်နေရဆဲဖြစ်သည်ဟု ဖော်ပြထားသည်။

ငပလီစည်ပင်သာယာရေးကော်မတီ ဥက္ကဋ္ဌ ဦးစောလွင်က  အမှိုက်ပုံနေရာအတွက် မြေ ၃ဧက ကို ဝယ်ယူထားပြီးကြောင်း နှင့် အမှိုက်ကိစ္စ အတွက် ဆက်လက်လုပ်ဆောင်သွားမည့်အနေအထားနှင့် အခက်အခဲများကို ဆွေးနွေးပြောခဲ့သည်။

ပြီးခဲ့သည့်နှစ်က ပြုလုပ်ခဲ့သော အလုပ်ရုံဆွေးနွေးပွဲနောက်ပိုင်းတွင် ရခိုင်ပြည်အစိုးရ မှ ငပလီ ကမ်းခြေရေရှည်သာယာလှပရေးနှင့် စည်းကမ်းထိန်းသိမ်းရေး ဦးစီးကော်မတီနှင့် လုပ်ငန်းကော်မတီ နှစ်ခုကို ဖွဲ့စည်းထားပြီးဖြစ်ကြောင်းကို အဆိုပါ အလုပ်ရုံဆွေးနွေးပွဲများကို ဦးဆောင်ခဲ့သော  မြန့်မာစီးပွားရေး ကဏ္ဍတာဝန်မှုရှိရေးအထောက်အကူပြုဌာန (MCRB) ၏ ဒါရိုက်တာ Vicky Bowman က ပြောသည်။

"အမှိုက်ကိစ္စ ကိုကိုင်တွယ်ဖြေရှင်းရေးကလူတိုင်းရဲ့တာဝန်ဖြစ်လို့ အမှိုက်ကင်းစင်တဲ့ ငပလီကမ်းခြေဖြစ်လာရေးအတွက် ဒီကော်မတီတွေနဲ့ ဒေသခံစီးပွားရေးလုပ်ငန်း လုပ်ကိုင်သူတွေ၊  နေထိုင်သူတွေနဲ့ နီးနီးကပ်ကပ်လုပ်ဆောင်ရန် လိုပါတယ်” ဟု Vicky Bowman က  ပြောသည်။

အဆိုပါ အလုပ်ရုံဆွေးနွေးပွဲတက်ရောက်သူများက ဥပမာ ဟိုတယ်များက ပလပ်စတစ်အိတ် နှင့် ပလပ်စတစ်ရေသန့်ဗူးများ သုံးဆွဲမှု လျော့ချရေး / ကျောင်းများတွင် အမှိုက်ပုံးများထားရှိပေးခြင်း နှင့် ပညာပေးလုပ်ငန်းများ လုပ်ဆောင်ခြင်းနှင့် ဒေသတွင်း ဥပဒေများပြင်ဆင်ရေးဆွဲရေး နှင့် တရားဥပဒေ စိုးမိုးရန် လိုအပ်နေမှုများ အပါအဝင် အမှိုက်ပစ်မှု လျော့နည်းစေရေး တစ်ဦးချင်းလုပ်ဆောင်နိုင်သည့် အချက်များကိုကတိပြု ဆွေးနွေးခဲ့ကြသည်။

Trash Heroes မှ ဖုန်းကျော်မိုးမြင့် နှင့် (ကြွပ်ကြွပ်) မှ Wendy Neampui တို့ကလည်း ၎င်း တို့လုပ်ဆောင်နေသည့် အမှိုက်ရှင်းလင်းရေးအစီအစဉ် နှင့် အမှိုက်များကို ပြန်လည်အသုံးချနိုင်ရေး အစီအစဉ်များကို ပြောခဲ့သည်။

အလုပ်ရုံဆွေးနွေးပွဲသို့ ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာန မှ ပြည်ထောင်စုဝန်ကြီး ဦးအုန်းမောင် ၊ ရခိုင်ပြည်နယ်အစိုးရ စီမ၊ံ စီးပွားရေး ၊ ဘဏ္ဍရေး နှင့် အခွန်ဆိုင်ရာပြည်နယ်ဝန်ကြီး ဦးကျော်အေးသိန်း ၊ စည်ပင်သာယာရေးဆိုင်ရာ ပြည်နယ်ဝန်ကြီး ဦးမင်းအောင် ၊ သံတွဲမြို့နယ်မှ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးဝင်းနိုင်၊ မြန်မာနိုင်ငံဟိုတယ်လုပ်ငန်းရှင်များအသင်း ဥက္ကဋ္ဌ ဦးအောင်မျိုးမင်းဒင်နှင့် အစိုးရအဖွဲ့ဝင်များ၊ ဟိုတယ်လုပ်ငန်းရှင်များနှင့်မန်နေဂျာများ၊စားသောက်ဆိုင်နှင့်ဈေးဆိုင်ပိုင်ရှင်များ၊ငါးဖမ်းလုပ်ငန်းလုပ်ကိုင်သူများ၊ဒေသခံပြည်သူများ၊ သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ကျွမ်းကျင်သူများ ၊ အရပ်ဖက်အဖွဲ့အစည်းများမှ ကိုယ်စားလှယ်များ ၊ ဒေသရှိ ခရီးသွားလုပ်ငန်း နှင့် သက်ဆိုင်သူများ နှင့် ခရီးသွားလုပ်ငန်းကျွမ်းကျင်သူများ အပါအဝင် အယောက် ၈၀ ခန့် တက်ရောက်ဆွေးနွေးခဲ့ကြသည်။

၎င်းအလုပ်ရုံဆွေးနွေးပွဲတွင် သဘာဝပတ်ဝန်းကျင်ဆိုင်ရာကိစ္စရပ်များဖြစ်သည့် ကမ်းခြေမှ သဲများထုတ်ယူနေမှု နှင့် ဒီရေတောထိန်းသိမ်းရေး ကိစ္စများနှင့် အတူ Guest House များ၏ လိုင်စင် ကိစ္စ ၊ လူ့စွမ်းအားအရင်းအမြစ်မြှင့်တင်ပေးရေးဆိုင်ရာ ကိစ္စ ၊ ခရီးသွားစီမံကိန်းရေးဆွဲရေး နှင့် ခရီးသွားလုပ်ငန်းစီမံ ခန့်ခွဲခြင်းအကြောင်းအရာများကိုလည်း ဆွေးနွေးခဲ့ကြသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly