ကျောက်ဖြူတွင် ကားပေါ်မှ ယာဉ်နောက်လိုက် ပြုတ်ကျသေဆုံး

ကျောက်ဖြူတွင် ကားပေါ်မှ ယာဉ်နောက်လိုက် ပြုတ်ကျသေဆုံး
ဓာတ်ပုံ - ဇင်ချောင်းရဲစခန်း

ကျောက်ဖြူ၊ မေ ၁၂ ရက်။      ။  ကျောက်ဖြူမှ ရန်ကုန်သို့ ထွက်ခွာလာသည့် အောင်သစ္စာမှန်လုံ အမြန်ယာဉ်မှ ကျောက်ဖြူမြို့နယ်အတွင်း ယာဉ်နောက်လိုက်တစ်ဦး ကားပေါ်မှ ခြေချော်ပြုတ်ကျ၍   သေဆုံးသွားကြောင်း သိရသည်။

ဖြစ်စဉ်မှာ မေလ ၁၁ ရက်နေ့ နံနက် ၈နာရီကျော်က အဆိုပါအောင်သစ္စာကားသည်  ကျောက်ဖြူမြို့နယ် မင်းရပ်ကျေးရွာအုပ်စု ကျောက်ကလေး ကျေးရွာသို့အရောက်တွင် ကားကြုံစီးလာခဲ့သည့် ခရီးသည်ကိုချပြီး ယာဉ်နောက်လိုက်မှာ ကားပေါ်သို့ပြန်တက်စဉ် ခြေချော်ပြီး ပြုတ်ကျသေဆုံးသွားသည်။

“အောင်သစ္စာမှန်လုံကားဟာ ကျောက်ဖြူက နေပြီးတော့ ရန်ကုန်ကို ထွက်လာတာ။ ကျောက်ဖြူမြို့နယ် ကျောက်ကလေးရွာနား ရောက်တော့ လမ်းကြုံစီးလာတဲ့ ခရီးသည်ပါလာလို့ ဆိုပြီးတော့ ခရီးသည်ကိုချတာ။ ချပြီး ကားကပြန်အထွက် ဘီးကလိမ့်တယ်ပေါ့။ ယာဉ်နောက်လိုက်က ကားပေါ်ကိုပြန်အတက် ခြေချော်ပြီး ပြုတ်ကျတာ။ အဲတော့ ခြေထောက်မှာ ပွန်းပဲ့သွားတယ်။ တံတောင်မှာ ပွန်းပဲ့သွားတယ်။ တင်ပါးမှာလည်း ပွန်းပဲ့ဒဏ်ရာ ရသွားတယ်။ ဇင်ချောင်းဆေးရုံမှာ သေတယ်။ သူ့မှာ နှလုံးရောဂါအခံလည်းရှိတယ်” ဟု ဇင်ချောင်းစခန်းမှူး ခင်မောင်ဝင်းက ပြောသည်။

သေဆုံးသူ ယာဉ်နောက်လိုက်မှာ ကျောက်ဖြူမြို့နယ် အရာရှိရပ်ကွက်တွင်နေထိုင်သူ ဦးဆန်းဝင်း အသက် (၃၀)နှစ် ဖြစ်ပြီး YGN 1N-6286 ယဉ်မောင်း ဦးမြင့်လွင်အား (ပ) ၁၅/၁၇၊ ပုဒ်မ ၃၀၄(က)ဖြင့် ကျောက်ဖြူမြို့မရဲစခန်းတွင် အမှုဖွင့် စစ်ဆေးနေကြောင်း ဇင်ချောင်းစခန်းမှူး ခင်မောင်ဝင်းက ပြောသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly