မုံရွာ၊ မေ ၁၂။ ။ ၂၀၁၇ ခုနှစ် ပထမ(၄)လပတ်အတွင်း စစ်ကိုင်းတိုင်းဒေသကြီးတွင် ယာဉ်တိုက်မှုပေါင်း ၆၀၀ ကျော်ဖြစ်ပွား ခဲ့ကြောင်း အမှတ်(၃)ယာဉ်ထိန်းရဲတပ်ဖွဲ့ခွဲ၊ အမှတ်(၁၇) ဒုတိယ ယာဉ်ထိန်းရဲတပ်ဖွဲ့ခွဲ (စစ်ကိုင်း) ရုံးမှ သိရသည်။
ဇန်နဝါရီလ မှ ဧပြီလထိ ယာဉ်တိုက်မှုပေါင်း ၆၃၃ မှုဖြစ်ပွားခဲ့ပြီး ဆုံးရှုံးမှုတန်ဖိုး စုစုပေါင်းမှာ ၁၁၁၂၅၈၀၀၀ ကျပ်ဖြစ်ကြောင်း အဆိုပါရုံးအချက်အလက်များအရ သိရသည်။
ထို့ပြင် စစ်ကိုင်းတိုင်း၌ ယာဉ်တိုက်မှုများကြောင့် အမျိုးသား ၁၄၅ ဦး နှင့် အမျိုးသမီး ၃၁ ဦးမှာ အသက်ဆုံးရှုံးခဲ့ရကြောင်း၊ ယင်းသေဆုံးသူများတွက် အသက် ၁၅ နှစ်မှ ၂၉ နှစ်အတွင်း လူငယ်များ အများဆုံးဖြစ်ကြောင်း သိရသည်။
ရွှေဘိုခရိုင်တွင် အမှုပေါင်း ၁၅၀ ဖြင့် အများဆုံးဖြစ်ပွားခဲ့ပြီး ယင်းနောက်မှ မုံရွာခရိုင်တွင် ၁၂၀ မှု၊ ကသာခရိုင်တွင် ၉၄ မှု တို့ဖြစ်ကြောင်း အဆိုပါရုံး၏ မှုခင်းမှတ်တမ်းများတွင် ဖော်ပြထားသည်။
စစ်ကိုင်းတိုင်းဒေသကြီးနယ်နမိတ်အတွင်း ခရိုင် ၉ ခရိုင်ပါဝင်ပြီး မြို့နယ်ပေါင်း ၃၈ မြို့နယ် ရှိကြောင်း သိရသည်။