ဧပြီလ ပရီးမီးယားလိဂ်အကောင်းဆုံးသွင်းဂိုးဆုကို ပက်ဒရိုရရှိ

ဧပြီလ ပရီးမီးယားလိဂ်အကောင်းဆုံးသွင်းဂိုးဆုကို ပက်ဒရိုရရှိ

မေ ၁၂၊ အင်္ဂလန် ။            ။ ချယ်လ်ဆီးတောင်ပံတိုက်စစ်ကစားသမား ပက်ဒရိုသည် အဲဗာတန်အသင်းဘက်ကို သွင်းယူခဲ့သောဂိုးဖြင့် ဧပြီလအတွက် ပရီးမီးယားလိဂ်အကောင်းဆုံးသွင်းဂိုးဆုကို ရရှိခဲ့သည်။

အဲဗာတန်အသင်း၏အိမ်ကွင်းတွင် ကစားခဲ့သည့် ထိုပွဲစဉ်တွင် ပက်ဒရိုသည် ဧရိယာစည်းအပြင်မှ ဘယ်ခြေဖြင့် ဂိုးသမား၏ညာဘက်အပေါ်ထောင့်ကို ကန်သွင်းယူခဲ့ခြင်းဖြစ်သည်။ ပက်ဒရို၏သွင်းဂိုးမှာ အဖွင့်ဂိုးဖြစ်ပြီး ချယ်လ်ဆီးအသင်းက ပွဲအပြီးတွင် သုံးဂိုး၊ ဂိုးမရှိဖြင့် အနိုင်ရခဲ့သည်။

ပက်ဒရိုသည် စပါးတိုက်စစ်ကစားသမား အလီ၏ ဝက်ဖို့ဒ်ဘက်သို့သွင်းယူခဲ့သောဂိုး၊ လီဗာပူးလ်တိုက်စစ်မှူး ဖာဖီနို၏ စတုခ်စီးတီးဘက်သို့သွင်းယူခဲ့သောဂိုး၊ စတုခ်တိုက်စစ်မှူး ရှာကွီရီ၏ ဟားလ်စီးတီးအသင်းဘက်သို့သွင်းယူခဲ့သောဂိုး၊ မန်စီးတီးတောင်ပံကစားသမား ဆာနေး၏ဆောက်သမ်တန်ဘက်သို့ သွင်းယူခဲ့သောဂိုးများကို ကျော်ဖြတ်ပြီး ဆုရခဲ့ခြင်း ဖြစ်သည်။

ပက်ဒရိုသည် ယခုနှစ်ရာသီတွင် ချယ်လ်ဆီးအသင်းအတွက် အားထားရသောတိုက်စစ်ကစားသမားအဖြစ် ခြေစွမ်းပြလျက်ရှိပြီး ၃၉ ပွဲတွင် ၁၂ ဂိုးသွင်းယူပေးနိုင်ခဲ့သည်။

ဧပြီလအကောင်းဆုံးသွင်းဂိုးဆုရရှိခဲ့လို့ အလွန်ပျော်ရွှင်မိကြောင်းနှင့် မဲပေးခဲ့ကြသူများကို ကျေးဇူးတင်ကြောင်း ပက်ဒရိုက ဆိုခဲ့သည်။

ရည်ညွှန်း ပရီးမီးယားလိဂ်

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly