ခိုးယူထားသည်ဟုဆိုသော မူးယစ်ဆေးဝါးများ ငွေကျပ်သိန်း ၃၈၀၀ ကျော်ဖိုး ဖမ်းဆီးရမိ

ခိုးယူထားသည်ဟုဆိုသော မူးယစ်ဆေးဝါးများ ငွေကျပ်သိန်း ၃၈၀၀ ကျော်ဖိုး ဖမ်းဆီးရမိ
ဓာတ်ပုံ- တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး

မေ ၁၁ ။              ။ ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်မြို့၊ ဝိန်းကျောက်ရပ်ကွက်၊ အာခါဈေးလမ်းရှိ ဉာဏ်လင်း(ခ) ဉာဏ်ဝင်း(ဘ) ဦးသန်းညွန့်ငှားရမ်းနေထိုင်သည့်နေအိမ်မှ မေလ ၁၀ ရက်တွင် ခိုးယူထားသည်ဟု ဆိုသော မူးယစ်ဆေးဝါးများ( ငွေကျပ် သိန်း ၃၈၀၀ ကျော်ဖိုး )ဖမ်းဆီးရမိကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးမှ သိရသည်။

ပလတ်စတစ်အဝါရောင်အိတ်ဖြင့်ထုပ်ပိုးထားသည့် အိုက်စ်အဖြူရောင်ပုံဆောင်ခဲ အလေးချိန် ၈၅၀ ဂရမ်ခန့်(ကာလတန်ဖိုးငွေကျပ် ၂၁၂ သိန်းကျော်)၊အဖြူရောင်ပလတ်စတစ် ကပ်ခွာအိတ်များဖြင့် ထုပ်လျက် WY စာတန်းပါ ပန်းရောင်စိတ်ကြွရူးသွပ်ဆေးပြား ၂၁၆၀၀၀ ပြား (ကာလတန်ဖိုး ငွေကျပ်သိန်း ၃၂၄၀ ခန့်)တို့နှင့်အတူ ဖမ်းဆီးရမိခဲ့သည်။

ဖမ်းဆီးရမိသူအား စိစစ်မေးမြန်းချက်အရ အဆိုပါမူးယစ်ဆေးဝါးများကို ကော်ကော့အပြင်ရပ်ကွက်ရှိ လူမနေသည့်နေအိမ်တစ်လုံးအတွင်းမှ ခိုးယူခဲ့ခြင်းဖြစ်ပြီး ရန်အောင်မြေရပ်ကွက်နေ နိုင်လင်း(ခ) ဆံရှည်(ဘ) ဦးသိန်းကျော်ထံသို့လည်း ရောင်းချရန်ပေးအပ်ထားကြောင်းသိရှိရသဖြင့် အဆိုပါနေအိမ် သို့သွားရောက်ရှာ ဖွေရာ နိုင်လင်း ကို WY စာတန်းပါ ပန်းရောင်စိတ်ကြွရူးသွပ်ဆေးပြား  ၂၄၃၉၉ ပြား(ကာလတန်ဖိုးငွေကျပ် ၃၆၅ သိန်းခန့်) နှင့်အတူ ထပ်မံဖမ်းဆီးရမိခဲ့သည်။

မူးယစ်ဆေးဝါးများနှင့်အတူ ဖမ်းဆီးရမိသူများအား တာချီလိတ်မြို့မရဲစခန်း၌ တရားဥပဒေအရ အရေးယူနိုင်ရေး အမှုဖွင့်ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly