မုံးကိုး ဆရာနှစ်ဦးအမှု လားရှိုးအကျဉ်ထောင်သို့ ပြောင်းရွှေ့

မုံးကိုး ဆရာနှစ်ဦးအမှု လားရှိုးအကျဉ်ထောင်သို့ ပြောင်းရွှေ့
ဓာတ်ပုံ-တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး

ချင်းမိုင်၊ မေ ၉ ။          ။ မတရားအသင်း ပုဒ်မအပါအဝင် ပုဒ်မ ၃ခုဖြင့် တရားစွဲခံထားရသူ ရှမ်းပြည်နယ် မုံးကိုးမြို့မှ သင်းထောက်ဆရာ ဦးဒွမ်ဒေါ့နောင်လတ်နှင့် ဦးလန်ဂျော်ဂမ်ဆိုင်းတို့ကို မေလ ၉ ရက်က လားရှိုးမြို့နယ် တရားရုံး၌ ပြောင်းရွှေ့ရုံးထုတ်ခဲ့သော်လည်း တရားလိုသက်သေ စစ်ဆေးနိုင်ခြင်းမရှိသေးကြောင်း ရှေ့နေ ဦးဘရန်ဒီးက ပြောသည်။

ပြီးခဲ့သည့် မေလ ၆ ရက်က အဆိုပါ ဆရာနှစ်ဦးကို မူဆယ်မြို့နယ် ရဲစခန်းမှ လားရှိုး အကျဉ်းထောင်သို့ပြောင်းရွှေ့ခဲ့ပြီး မေ ၉ရက် ရုံးချိန်းတွင် တရားလိုသက်သေများကို စစ်ဆေးရမည်ဖြစ်သော်လည်း ၎င်းတို့ ရောက်မလာ၍ လာမည့် မေလ ၁၇ ရက်သို့ ရုံးချိန်းကို ရွှေ့ပြောင်းပေးခဲ့သည်။

“လားရှိုးကို စနေနေ့က ရောက်လာပြီ။ ဒီနေ့ကတော့ ရုံးချိန်းရှိတယ်။ ဒါပေမဲ့ သက်သေမလာဘူး။ ၁၇ ရက်ကို ပြန်ချိန်းပေးတယ်၊ တခြားအခက်အခဲတော့မရှိဘူး။ တရာလို သက်သေတွေလာဖို့ပဲလိုတာပါ။ သူတို့ နှစ်ယောက်က အထဲမှာ မနေချင်တော့ဘူးလို့ ပြောပါတယ်”ဟု ရှေ့နေဦးဘရန်ဒီးက ပြောသည်။

သင်းထောက်ဆရာနှစ်ဦး၏ အမှုကို ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၇ ရက်က စတင်စစ်ဆေးခဲ့ရာ တရားလို သက်သေ ၁၀ ဦးရှိရာမှ တရားလို သက်သေ တစ်ဦးကိုသာ စစ်ဆေးခဲ့သေးသဖြင့် အမြန်ဆုံး စစ်ဆေးရန် တရားခံ၏ ရှေ့နေဘက်က တောင်းဆိုနေသည်။

၎င်းတို့နှစ်ဦးကို မတရားအသင်းနှင့်ဆက်သွယ်သည့်ပုဒ်မ ၁၇/၁ နှင့် ပို့ကုန်သွင်းကုန် အက်ဥပဒေ ပုဒ်မ ၈တို့ဖြင့် တရားစွဲဆိုထားသလို၊ ဦးဒွမ်ဒေါ့နောင်လတ်ကိုမူ တပ်မတော်အား ဂုဏ်သရေညိုးနွမ်းစေမှု ဖြစ်မှုဆိုင်ရာဥပဒေ ပြန်ဆက် ပုဒ်မ ၅၀၀ ဖြင့် ထပ်မံတရားစွဲဆိုထားသည်။

၂၀၁၆ ခုနှစ် ဒီဇင်ဘာလ ၂၄ ရက်နေ့က ပျောက်ဆုံးခဲ့သော သင်းထောက်ဆရာ ဦးဒွမ်ဒေါ့နောင်လတ်နှင့် ဦးလန်ဂျော်ဂမ်ဆိုင်းတို့ကို ကချင်လွတ်လပ်ရေးတပ် (KIA)အတွက်   ငွေကြေးထောက်ပံ့ကူညီပေးခြင်း၊ သတင်းပေးခြင်းနှင့် လူသစ်စုဆောင်းပေးခြင်းနှင့် မဟုတ်မမှန် လှုပ်ကြံဝါဒ ဖြန့်ဆောင်ရွက်သည်ဟု တပ်မတော်က စွပ်စွဲကာ ဖမ်းဆီးထားပြီး တရားရင်ဆိုင်နေရခြင်းဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly