ဆရာတော်ဦးဝီရသူ၏ ပြုမှုဆောင်ရွက်နေမှုအပေါ် ဓမ္မနှင့် အဓမ္မခွဲခြားကြေငြာပေးရန် သံဃာ့မဟာနာယကထံ လျှောက်ထားမည်

ဆရာတော်ဦးဝီရသူ၏ ပြုမှုဆောင်ရွက်နေမှုအပေါ် ဓမ္မနှင့် အဓမ္မခွဲခြားကြေငြာပေးရန် သံဃာ့မဟာနာယကထံ လျှောက်ထားမည်

မြန်မာနိုင်ငံအတွင်း မတ်လ ၁ဝ ရက်မှစ၍ တစ်နှစ်ကြာ တရားဟောခွင့်ပိတ်ခံထားရသော ဆရာတော်ဦးဝီရသူ၏ ပြုမှုပြောဆိုဆောင်ရွက်နေမှုများအပေါ် နိုင်ငံတော်သံဃာမဟာနာယကအဖွဲ့မှ ဓမ္မနှင့် အဓမ္မခွဲခြားကြေငြာပေးပါရန် အဓမ္မဝါဒဆန့်ကျင်ရေးကော်မတီမှ ဒုတိယအကြိမ်မြောက် လျှောက်ထားတောင်းဆိုသွားမည်ဖြစ်ကြောင်း ယင်းကော်မတီကို ဦးဆောင်တည်ထောင်သူ ဦးမြတ်ကျော်က ပြောသည်။

ထိုကဲ့သို့ လျှောက်ထားတောင်းဆိုရန်အတွက် ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ မြို့များတွင် ပြည်သူများ၏ လက်မှတ်များကို ကောက်ခံသွားမည်ဖြစ်ပြီး ရရှိသည့် လက်မှတ်များဖြင့် လာမည့် ဇွန်လအတွင်း လျှောက်ထား တောင်းဆိုသွားမည်ဖြစ်သည်။

“ဦးဝီရသူရဲ့ ပြောဆို၊ ပြုမှုဆောင်ရွက်နေတာတွေဟာ ဓမ္မလား၊ အဓမ္မလား ခွဲခြားကြေငြာပေးစေချင်တာပေါ့။ ကျွန်တော် တိတိကျကျတွေ့နေတာကတော့ ခွေးနဲ့ပေးစားတာတို့ ဘာတို့လေ။ သံဃာတွေလွှတ်ပေးမယ်ပေါ့။ မိန်းမတွေကို သံဃာတွေလွှတ်ပေးမယ် လင်ယူစရာမရှိရင်ပြောဆိုတဲ့ စကားက သံဃာထုကိုရော၊ အမျိုးသမီးထုကိုရော စော်ကားတာ။ အဲ့ဒါကြောင့် ဒီလို ဓမ္မနဲ့ အဓမ္မကို ခွဲခြားကြေငြာပေးဖို့ လျှောက်ထားတောင်းဆိုတာ ဖြစ်ပါတယ်”ဟု ဦးမျိုးကျော်ကပြောသည်။

ဆရာတော် ဦးဝီရသူ၏ ပြုမှုပြောဆိုဆောင်ရွက်နေမှုများအပေါ် ဓမ္မနှင့် အဓမ္မခွဲခြားပေးရန် ပထမအကြိမ်အဖြစ် တောင်ဒဂုံမြို့နယ်တစ်မြို့နယ်မှ ကောက်ခံရရှိထားသည့် လက်မှတ် ၅ဝဝ ဖြင့် နိုင်ငံတော်ဃာမဟာနာယက အဖွဲ့ထံ ဧပြီလ ၁၁ ရက်က လျှောက်ထားတောင်းဆိုခဲ့သော်လည်း ကြေငြာခဲ့ခြင်းမရှိသည့်အတွက် ဒုတိယအကြိမ်ထပ်မံတောင်းဆိုသွားမည်ဖြစ်ကြောင်း သိရသည်။

အဆိုပါ ဆရာတော်ဦးဝီရသူအပေါ် ဓမ္မနှင့် အဓမ္မခွဲခြားကြေငြာပေးရန် ပထမအကြိမ် တောင်းဆိုထားသည့် အခြေအနေနှင့် ပတ်သက်၍ မေလ ၉ ရက်၊ ရန်ကုန်တိုင်းဒေသကြီး၊ ဗဟန်းမြို့နယ်၊ ရွှေဂုံတိုင်ရှိ တော်ဝင်နှင်းဆီခန်းမတွင် ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် ဦးမြတ်ကျော်က မီဒီယာများမေးမြန်းမှုကို ဖြေကြားခဲ့ခြင်းဖြစ်သည်။

“ကျွန်တော်တို့ လူပုဂ္ဂိုလ်တွေက ကိုးကွယ်သူတွေပါ။ သာသနာကိုစောင့်ရှောက်ရမှာက သံဃာတော်များ ဖြစ်ပါ တယ်။ ဒါကြောင့် သံဃာတော်တွေကို အထူးလျှောက်ထားလိုတာက ဦးဝီရသူအပြုအမှု၊ အပြောအဆိုအပေါ် ဓမ္မလား၊ အဓမ္မလားခွဲခြား ဆုံးဖြတ်ပြီး တားသင့်ရင် တားပေါ့လေ။ ကြေငြာသင့်ရင် ကြေငြာပေါ့လေ။ ကျွန်တော် ဒီလိုမျိုးပြောချင်တာပါ ”ဟု ဦးမျိုးကျော်က ဆိုသည်။

အဆိုပါ အဓမ္မဝါဒဆန့်ကျင်ရေးကော်မတီကို အဖွဲ့ဝင် ၁၂ ဦးဖြင့် ဦးမျိုးကျော်က စတင်ကာ ဦးဆောင်တည် ထောင်ခဲ့ခြင်း ဖြစ်ပြီး လက်ရှိတွင် အဖွဲ့ဝင်ပေါင်း ခန့်မှန်းခြေ ၁,၃ဝဝ ကျော်ရှိကာ အဖွဲ့ဝင်များကို လူမှုကွန်ရက်စာ မျက်နှာမှတစ်ဆင့် စုစည်းခဲ့ခြင်းဖြစ်ကြောင်းသိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly