ဒေါ်အောင်ဆန်းစုကြည်၊ ဦးတင်ဦးနှင့် ဦးဝင်းထိန်တို့ ဥပဒေကို လက်တစ်လုံးခြား လှည့်ဖျားကျူးလွန်ဟု ကန့်ကွက်စာတင်

ဒေါ်အောင်ဆန်းစုကြည်၊ ဦးတင်ဦးနှင့် ဦးဝင်းထိန်တို့ ဥပဒေကို လက်တစ်လုံးခြား လှည့်ဖျားကျူးလွန်ဟု ကန့်ကွက်စာတင်

၂၀၁၇ ကြားဖြတ်ရွေးကောက်ပွဲတွင် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD)မှ ဦးတင်ဦးနှင့် ဦးဝင်းထိန်တို့၏ ဆောင်ရွက်ချက်များသည် ဥပဒေပြဌာန်းချက်များကို ဖောက်ဖျက်ရာရောက်သဖြင့် ဥပဒေနှင့်အညီ အရေးယူပေးပါရန် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီအပါအဝင် နိုင်ငံရေးပါတီ (၁၃)ခုက ပြည်ထောင်စုရွေးကောက်ပွဲ   ကော်မရှင်ထံ မေလ (၈)ရက် ရက်စွဲဖြင့် ကန့်ကွက်စာတင်လိုက်သည်။

ကြားဖြတ်ရွေးကောက်ပွဲတွင် ဒေါ်အောင်ဆန်းစုကြည် အပါအဝင် NLD ၏ နာယက ဦးတင်ဦးနှင့် ဗဟိုအလုပ်အမှုဆောင် အတွင်းရေးမှူးအဖွဲ့ဝင် ဦးဝင်းထိန်တို့၏ ဆောင်ရွက်ချက်များသည် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ၊ နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းဥပဒေ၊ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥပဒေပါ ပြဌာန်းချက်များကို ဖောက်ဖျက် ကျူးလွန်ရာရောက်ခဲ့သည်ဟု ကန့်ကွက်စာတွင် ဖော်ပြထားသည်။

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်၊ နိုင်ငံခြားရေးဝန်ကြီး ဒေါ်အောင်ဆန်းစုကြည်သည် အစိုးရ တာဝန်ယူမှု တစ်နှစ်ပြည့် အထိမ်းအမှတ်အဖြစ် မြန်မာ့အသံနှင့်ရုပ်မြင်သံကြား(MRTV)နှင့် မြန်မာ့အသံရေဒီယို အစီအစဉ်တို့မှ မတ်လ ၃၀ရက် ညပိုင်းက ပြောကြားခဲ့သော မိန့်ခွန်းသည် “ကြားဖြတ်ရွေးကောက်ပွဲနှင့် အချိန်ကိုက်လျက် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏ နိုင်ငံရေးရည်မှန်းချက်များ ပါဝင်သော စည်းရုံးလှုံ့ဆော်ဟောပြောချက်မိန့်ခွန်း ဖြစ်နေကြောင်းသာ အထင်အရှား တွေ့ရှိရပါသည်” ဟု နိုင်ငံရေးပါတီ(၁၃)ခု၏ ကန့်ကွက်စာတွင် ပါရှိသည်။

ထို့ပြင် ကြားဖြတ်ရွေးကောက်ပွဲ မကျင်းပမီ တစ်ရက်အလို မတ်လ ၃၁ရက်တွင်လည်း ယင်းမိန့်ခွန်းအား နိုင်ငံပိုင်သတင်းစာများတွင် အပြည့်အစုံဖော်ပြခဲ့ခြင်းသည် “ရွေးကောက်ပွဲဆိုင်ရာ စည်းရုံးလှုံ့ဆောင်ခြင်း မပြုလုပ်ရ” ဟု ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က ထုတ်ပြန်ထားသော အမိန့်ကို ဖောက်ဖျက်ကျူးလွန်ရာ ရောက်သည်ဟုလည်း ဆိုထားသည်။

အလားတူ ဦးတင်ဦးနှင့် ဦးဝင်းထိန်တို့ကလည်း မတ်လ ၃၁ရက် ညပိုင်းတွင် MRTV မှ သဘောထားအမြင်တင်ပြချက်များကို ပြောကြားခဲ့ခြင်းနှင့် ၎င်းတို့၏ ပြောဆိုချက်များကို ကြားဖြတ်ရွေးကောက်ပွဲကျင်းပသည့် ဧပြီလ ၁ရက်ထုတ် နိုင်ငံပိုင်သတင်းစာများတွင် ဖော်ပြခဲ့ခြင်းကိုလည်း “နိုင်ငံပိုင်မီဒီယာကို အသုံးချလျက် သွယ်ဝိုက်သောနည်းဖြင့် မဲဆွယ်စည်းရုံးပေးရာ ရောက်ပါသည်” ဟု ကန့်ကွက်စာတွင် ဖော်ပြထားသည်။

ပြည်ထောင်စုကြံ့ခိုင်ရေး နှင့် ဖွံ့ဖြိုးရေးပါတီ၏ ပြောခွင့်ရပုဂ္ဂိုလ် ဒေါက်တာနန္ဒာလှမြင့်က “ရွေးကောက်ပွဲ ဥပဒေအရ မညီညွှတ်တဲ့အတွက် ကျွန်တော်တို့က ဖြစ်စဉ်ကို ဒီလိုဟာကို နောင်ဘယ်ပါတီပဲ အာဏာရရ ဘယ်ပါတီပဲအစိုးရဖြစ်ဖြစ် ငါအစိုးရဖြစ်ပြီကွ ငါလုပ်ချင်တာလုပ်မယ်ဆိုတဲ့ ပုံစံမျိုးပေါ်နေလို့ အဲ့လိုမျိုးနောက်အစဉ်အဆက် ဒီယဉ်ကျေးမှုမဖြစ်အောင် ဒီမိုကရေစီစနစ်မှာ ပါတီတွေအားလုံ တန်းတူညီမျှ ယှဉ်ပြိုင်ပြီးတော့မှ ပြည်သူ့ရဲ့အဆုံးအဖြတ်ကို ခံယူသွားနိုင်ဖို့အတွက် ဒီဖြစ်စဉ်ကိုပဲ UEC ကို ကန့်ကွက်စာတင်တာ။ အဲ့တာလည်း UEC ကပဲဆုံးဖြတ်ရမှာ ကျွန်တော်တို့ တင်ပြတာမှားသည်မှန်သည် ဖြေရှင်းရမယ့် တာဝန်ကလည်း UEC  မှာပဲရှိတယ်။ ကျွန်တာ်တို့ကတော့ ပါတီတွေက တစ်ညီတစ်ညွှတ်ထဲဒီလိုဆောင်ရွက် ချက်ကို လက်ခံလို့မရတဲ့အတွက်  ဖြစ်စဉ်ကို
ကန့်ကွက်တာ၊ ဆောင်ရွက်မှုတွေကိုကန့်ကွက်တာ၊ လူပုဂ္ဂိုလ်ကို ကန့်ကွက်တာမဟုတ်ဘူး " ဟု မဇ္ဈိမသို့ ပြောသည်။

အဆိုပါကိစ္စနှင့်ပက်သက်ပြီး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုကော်မတီအဖွဲ့ဝင် ဦးကျော်ဟိုးက ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်၏ ဆုံးဖြတ်ချက်ကိုသာ စောင့်ကြည့်ရမည်ဖြစ်ပြီး သီးခြားတုန့်ပြန်ပြောဆိုလိုခြင်းမရှိဟုဆိုသည်။

“ကျွန်တော်ကတော့ ညိစွန်းခြင်းမရှိဘူးပဲပြောရမှာပေါ့" ဟု ဦးကျော်ဟိုးက ပြောသည်။ “သူက အစိုးရအဖွဲ့ရဲ့ ထမ်းဆောင်မယ့် တာဝန်တွေထမ်းဆောင်နေတာပဲလေ။ ဒါကို ကိုယ်လိုချင်တာဆွဲပြီးတော့   ပြောတာကတော့ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်ကနေပြီးတော့ ဆုံးဖြတ်ရမယ့်ကိစ္စပေါ့။ ခါတိုင်းလည်း သူတို့ဒီလိုပဲထုတ်ထုတ်နေတာပဲ တုံ့ပြန်ပြောဆိုလိုတာမရှိပါဘူး" ဟုပြောဆိုသည်။

ထိုလုပ်ဆောင်ချက်များသည် “ပြိုင်ဘက် နိုင်ငံရေးပါတီများ၊ တိုင်းရင်းသားနိုင်ငံရေးပါတီများထက် အခွင့်အရေး အသာစီးရယူပြီး မမျှမတဆောင်ရွက်သည့် လုပ်ရပ်ဖြစ်သည့်အပြင် ဥပဒေကို လက်တစ်လုံးခြား လှည့်ဖြား၍ ကျူးလွန်ရာလည်း ရောက်ပါသည်” ဟု နိုင်ငံရေးပါတီ(၁၃)ခုက ကန့်ကွက်စာတွင် ထည့်သွင်းရေးသားထားသည်။

ဒေါ်အောင်ဆန်းစုကြည်၊ ဦးတင်ဦးနှင့် ဦးဝင်းထိန်တို့၏ ဆောင်ရွက်ချက်များသည် နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းဥပဒေ ပုဒ်မ ၁၂(က)(၅)တွင် ပြဌာန်းထားသည့် နိုင်ငံတော်ပိုင်ငွေကြေး၊ မြေ၊ အိမ်၊ အဆောက်အဦ၊ ယာဉ်၊ ပစ္စည်းတို့ကို တိုက်ရိုက်ဖြစ်စေ၊ သွယ်ဝိုက်၍ဖြစ်စေ၊ ရယူသုံးစွဲသည့် အဖွဲ့အစည်းအဖြစ် တွေ့ရှိခြင်းဟူသည့် ပြဌာန်းချက်နှင့် ငြိစွန်းနေသည်ဟု ကန့်ကွက်စာတွင် ဖော်ပြထားသေးသည်။

“အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ ခေါင်းဆာင်အချို့၏ ကျင့်ဝတ်ဖောက်ဖျက်မှု၊ ဥပဒေကို လက်တစ်လုံးခြား လှည့်ဖျားကျူးလွန်မှုတို့ကို လက်ပိုက်ကြည့်နေမည်ဆိုပါက နောင်ကျင်းပမည့်   ရွေးကောက်ပွဲများအတွက်ပါ မကောင်းသောဆိုးကျိုးများ သက်ရောက်မည်ကိုလည်း အထူးစိုးရိမ်မိပါသည်” ဟုလည်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ထံ တင်ပြထားသော နိုင်ငံရေးပါတီ(၁၃)ခု၏ ကန့်ကွက်စာတွင် ပါရှိသည်။

အဆိုပါကိစ္စနှင့်ပတ်သက်ပြီး ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်၏ တာဝန်ရှိသူတစ်ဦးကို မေလ ၉ရက်တွင် မဇ္ဈိမက ဖုန်းဖြင့် အကြိမ်ကြိမ်ဆက်သွယ်မေးမြန်းရန် ကြိုးစားသော်လည်း ဆက်သွယ်၍ မရခဲ့သည်။

ကန့်ကွက်စာ တင်ပြထားသည့် နိုင်ငံရေးပါတီများမှာ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ၊ အမျိုးသားဒီမိုကရေစီပါတီသစ်ပါတီ၊ အမျိုးသားတိုးတက်ရေးပါတီ၊ ခေတ်သစ်ပြည်သူ့ပါတီ၊   မြန်မာအမျိုးသားကွန်ဂရက်ပါတီ၊ ကရင်ပြည်နယ်ဒီမိုကရေစီနှင့်ဖွံ့ဖြိုးရေးပါတီ၊ ဒီမိုကရက်တစ်ပါတီ(မြန်မာ)၊ အမျိုးသားဒီမိုကရေစီအင်အားစုပါတီ၊ အမျိုးသားနိုင်ငံရေးမဟာမိတ်များအဖွဲ့ချုပ်ပါတီ၊ ရခိုင်ပြည်နယ်အမျိုးသားအင်အားစုပါတီ၊ မတူကွဲပြားခြင်းနှင့်ငြိမ်းချမ်းရေးပါတီ၊ ပြည်သူ့ဒီမိုကရေစီပါတီနှင့် ဝံသာနုဒီမိုကရက်တစ်ပါတီတို့ ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly