မေ ၉၊ လန်ဒန်။ ။ မိမိ၏ ချယ်လ်ဆီးကစားသမားများမှာ ပရီးမီးယားလိဂ်ဖလားနှင့်ထိုက်တန်သူများဖြစ်သည်ဟု နည်းပြအန်တိုနီယို ကွန်တီက ပြောသည်။
ချယ်လ်ဆီးအသင်းသည် တနင်္လာနေ့က စတမ်းဖို့ဒ်ဘရစ်ချ်တွင် မစ်ဒယ်ဘရော့ကို ၃-၀ ဂိုးဖြင့်အနိုင်ရလိုက်ပြီးနောက် ပဉ္စမမြောက် ပရီးမီးယားလိဂ်ဖလားရယူရန်အတွက် နိုင်ပွဲတစ်ပွဲသာလိုတော့သည်။
အသက် ၄၇ နှစ်ရှိ ကွန်တီက “ဒါက အင်္ဂလန်မှာ ခက်ခဲတဲ့လိဂ်ပြိုင်ပွဲမှာ ကျွန်တော့်ရဲ့ ပထမဆုံး ဘောလုံးရာသီပါ။ ကျွန်တော့် ကစားသမားတွေအတွက် ဝမ်းသာပါတယ်။ သူတို့နဲ့ထိုက်တန်ပါတယ်။ လိဂ်မှာဗိုလ်စွဲဖို့ထိုက်တန်တယ်ဆိုတာကို ကျွန်တော်တို့ ပြသနေပါတယ်”ဟု ပြောသည်။
စပါးအသင်းကို ခုနစ်မှတ်ဖြတ်ထားသည့် ချယ်လ်ဆီးအသင်းသည် သောကြာနေ့တွင် ဝက်စ်ဘရွန်းနှင့်ကစားရမည်ဖြစ်ပြီး စပါးအသင်းသည် တနင်္ဂနွေနေ့တွင် မန်ချက်စတာယူနိုက်တက်နှင့် ကစားရမည်ဖြစ်သည်။
ချယ်လ်ဆီးအသင်းသည် လက်ကျန်ပွဲများအဖြစ် ဝက်ဖို့ဒ်နှင့်လည်းကောင်း၊ တန်းဆင်းသွားသည့် ဆန်းဒါးလန်းနှင့်လည်းကောင်း ကစားရမည်ဖြစ်သည်။
“ခုတော့ ကျွန်တော်တို့ ဖလားအတွက် နောက်တစ်ဆင့်တက်လှမ်းလိုက်ပါပြီ။ ကောင်းကောင်းနားပြီးရင် ဝက်စ်ဘရွန်းနဲ့ပွဲအတွက် ပြင်ရမယ်။ နောက်တစ်ပွဲအပြီးမှာ ချန်ပီယံဖြစ်သွားဖို့ ကြိုးစားရမယ်။
ဝက်စ်ဘရွန်းက ကျွန်တော်တို့နဲ့ ပွဲကောင်းတစ်ပွဲနွှဲဖို့ ဆန္ဒရှိနေမှာဖြစ်ပေမယ့် ကျွန်တော်တို့ဘက်ကလည်း အဆင်သင့်ပဲ”ဟု ကွန်တီက ပြောသည်။
မစ်ဒယ်ဘရော့ကို ၃-၀ ဂိုးဖြင့်နိုင်သည့်ပွဲတွင် ချယ်လ်ဆီးအသင်းအတွက်ဂိုးများကို ပွဲချိန် ၂၃ မိနစ်တွင် ဒီယေဂိုကော်စတာ၊ ၃၄ မိနစ်တွင် အလွန်ဆိုနှင့် ၆၅ မိနစ်တွင် မာတစ်တို့က သွင်းယူခဲ့ကြသည်။
Ref; BBC