လန်ဒန်တွင် ဆုလာယူသည့် ဒေါ်အောင်ဆန်းစုုကြည်အား ထောက်ခံသူနှင့် ကန့်ကွက်သူများ အပြိုင်ဆန္ဒပြ

လန်ဒန်တွင် ဆုလာယူသည့် ဒေါ်အောင်ဆန်းစုုကြည်အား ထောက်ခံသူနှင့် ကန့်ကွက်သူများ အပြိုင်ဆန္ဒပြ

ချင်းမိုင်၊ မေ ၈ ။            ။ ဗြိတိန်နိုင်ငံ ရောက်ရှိနေသော နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အား လန်ဒန်မြို့ရောက် ကချင်အဖွ့ဲအစည်းများ၊ တက်ကြွလှုပ်ရှားသူများ နှင့် ဘင်္ဂလီများကပါသည့် ထောက်ခံသူများကတစ်ဖက်၊ ကန့်ကွက်သူများကတစ်ဖက် အပြိုင်ဆန္ဒပြခဲ့ကြသည်။

ဒေါ်အောင်ဆန်းစုကြည်က လန်ဒန်မြို့တော်ဝန် ချီးမြှင့်သော The Freedom of the City ဂုဏ်ပြုဆုကို လန်ဒန်မြို့ Guildhall ခန်းမတွင် မေလ ၈ ရက်က ဆုလာယူစဉ် ခန်းမရှေ့၌ ဆန္ဒပြခံရခြင်းဖြစ်သည်။

“ဒေါ်အောင်ဆန်းစုကြည်ဟာ အခုလောလောဆယ်မှာ လန်ဒန် Freedom Award ကိုသူလာယူတာဖြစ်ပါတယ်။ ဒါပေမဲ့ သူက တကယ် ကချင်လူမျိုးတွေ၊ ရိုဟင်ဂျာ(ဘင်င်္ဂါလီ)လူမျိုးတွေနဲ့ တိုင်းရင်းသားလူမျိုးတွေ အတွက် freedom ကို သူ့အနေနဲ့ အသိအမှတ်ပြုတာ မရှိဘူး။ ပြည်တွင်းမှာဆို ကျနော်တို့ ကချင်ပြည်သူတွေအတွက် လွတ်လပ်မှု၊ ကျနော်တို့ရသင့်ရထိုက်တဲ့ အခွင့်အရေး သတ်မှတ်တာမရှိဘဲနဲ့ ဒီဆုကိုလာယူတာကို ကျနော်တို့အနေနဲ့ ပြင်းပြင်းထန်ထန် ဆန့်ကျင်ပါတယ်။ ဒါကြောင့် ဆန္ဒပြရခြင်း ဖြစ်ပါတယ်”ဟု ယူကေအခြေစိုက် ဆန္ဒပြမှုတွင် ပါဝင်သူ ကချင်အမျိုးသားအစည်းအရုံး(KNO)၏ ခေါင်းဆောင် ဦးရိန်ဒူက မဇ္ဈိမသို့ ပြောသည်။

Guildhall ခန်းမရှေ့တွင် မေလ ၈ရက် လန်ဒန်စံတော်ချိန် နေ့လည် ၁၂ နာရီမှ ၂ နာရီထိ ဆန္ဒပြခဲ့ပြီး အဓိက “ကချင်လူမျိုးကို သတ်ဖြတ်ခြင်း ရပ်တန့်ပါ” ၊ ရိုဟင်ဂျာ(ဘင်င်္ဂါလီ)လူမျိုးများကို သတ်ဖြတ်ခြင်း ရပ်တန့်ပါ”၊ “ကချင်များကို နှိပ်ဆက်မှုများ ရပ်တန့်ပါ” စသည့် စာတမ်းများကိုင်ဆောင် ကြွေးကြော်ခြင်းများ ပြုလုပ်၍ ဆန္ဒပြခဲ့သည်ဟု သူက ပြောသည်။

ကချင်ပြည်နယ်ရှိ လူ့အခွင့်အရေး ချိုးဖောက်မှုများကို ဒေါ်အောင်ဆန်းစုကြည်အနေဖြင့် ကာကွယ်ပြောဆိုပေးရန်လည်း ယခုကဲ့သို့ တောင်းဆို ဆန္ဒဖော်ထုတ်ရခြင်းဖြစ်သည်ဟု ၎င်းက ဖြည့်စွက်ပြောကြားသည်။

“ကချင်ပြည်နယ်မှာ ထိုးစစ်ဆင်တာတွေကို သူ့အနေနဲ့ စစ်တပ် ထိုးစစ်ဆင်မှု ရပ်တန့်ဖို့၊ ကချင်အမျိုးသမိးတွေကို အဓမ္မပြုကျင့်တာတွေကို ရပ်တန့်ဖို၊ စစ်တပ်ကနေ ကချင်လူမျိုးတွေကို ဖိနှိပ်ချုပ်ချယ်တာတွေ၊ အကြမ်းဖက်တာတွေ၊ ရွာမီးရှုံ့တာတွေ၊ ဗုံးကျဲတာတွေ သူ့အနေနဲ့ ပြောဆိုတာမရှိဘူး။ အဲဒါတွေကို ပြောဆိုဖို့ ကျနော်တို့ ပြောတယ်။ အဲဒါတွေအတွက် နိုင်ငံတကာကို ပြောပေးဖို့ ကျနော်တို့ အနေနဲ့ တောင်းဆိုတယ်”ဟု ကချင်အမျိုးသားအစည်းအရုံး(KNO)၏ ခေါင်းဆောင် ဦးရိန်ဒူက ပြောသည်။

ထို့ပြင် လက်ရှိ အစိုးရ လုပ်ဆောင်နေသည့် ငြိမ်းချမ်းရေဖော်ဆောင်မှုကိုလည်း ၂၀၀၈ ဖွဲ့စည်းပုံအခြေခံ ဥပဒေဘောင်အတွင်းမှ လက်မှတ်ရေးထိုးပြီးနောက် ငြိမ်းချမ်းရေးလုပ်ဆောင်မည်ဆိုသော လမ်းစဉ်ကို ၎င်းတို့ကချင်အဖွဲ့အစည်းများအနေဖြင့် လက်မခံကြောင်း သူက ထည့်သွင်းပြောဆိုခဲ့သည်။

ဒေါ်အောင်ဆန်းစုကြည်ဦးဆောင်သည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အစိုးရ အာဏာရလာပြီးနောက် တပ်မတော်ကို အကာအကွယ်ပေးပြောဆိုခြင်း၊ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများအား NCA လက်မှတ်ရေးထိုးရန် ဖိအားပေးမှုများကိုလည်း ကန့်ကွက်သည်ဟု ၎င်းက ပြောသည်။

ဒေါ်အောင်ဆန်းစုကြည်ကို ကန့်ကွက်ကြောင်းကို ဗြိတိန်နိုင်ငံရောက် ကချင်အဖွဲ့အစည်းများဖြင့် ဖွဲ့စည်းထားသော ကချင်လူမှုရေးအဖွဲ့-ဗြိတိန်-(KCUK)ကလည်း ကြေငြာချက် ထုတ်ပြန်၍   တောင်းဆိုထားသည်ဟု သူက ပြောသည်။

၎င်းတို့၏ ကြေငြာချက်ကို မြန်မာနိုင်ငံ နိုင်ငံတော်သမ္မတရုံး၊ လန်ဒန်မြို့ရှိ မန်လီမန်၊ နိုင်ငံတကာ လူ့အခွင့်အရေးအဖွဲ့အစည်းများထံသို့လည်း ပေးပို့သွားမည်ဟု သိရသည်။

ဒေါ်အောင်ဆန်းစုကြည်သည်The Freedom of the City ဂုဏ်ပြုဆုကို မေလ ၈ရက်က လက်ခံရယူခဲ့သည်။

ဒေါ်အောင်ဆန်းစုကြည်သည် ဧပြီ ၃၀ရက် ညတွင် ၎င်း၏ ဥရောပခရီးစဉ်ကို စတင်လိုက်ပြီး ဥရောပသမဂ္ဂ (အီးယူ)ဌာနချုပ်၊ ဘယ်လ်ဂျီယံ၊ အီတလီနှင့်ဗြိတိန်နိုင်ငံတို့သို့ သွားရောက်ခဲ့ကာ   မြန်မာနိုင်ငံသို့ ပြန်မည်ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly