ထိုင်းနိုင်ငံကို သွားရောက်အလုပ်လုပ်ကိုင်ရန်အတွက် နိုင်ငံကူးလက်မှတ်ပြုလုပ်သူများ များပြားနေ

ထိုင်းနိုင်ငံကို သွားရောက်အလုပ်လုပ်ကိုင်ရန်အတွက် နိုင်ငံကူးလက်မှတ်ပြုလုပ်သူများ များပြားနေ

ရန်ကုန်၊ မေ ၈ ။           ။ ပြည်ပမှာ အလုပ်လုပ်ကိုင်ရန်အတွက် နိုင်ငံကူးလက်မှတ် လာရောက်လျှောက်ထားသူများ ရန်ကုန်မြို့ရှိ နိုင်ငံကူးလက်မှတ် ထုတ်ပေးရေးရုံးတွင် များပြားလျက်ရှိသည်။

အများစုမှာ ထိုင်းနိုင်ငံရှိ စက်ရုံများသို့ သွားရောက်လုပ်ကိုင်ရန် လာရောက်ကြခြင်းဖြစ်ကြောင်း အဆိုပါရုံး၏ တာဝန်ရှိသူတစ်ဦးက ဆိုသည်။

ယခုကဲ့သို့ နိုင်ငံကူးလက်မှတ် လာရောက်လုပ်ကိုင်နေခြင်းသည် ယခင်နှစ်ကထက် ပိုမိုများပြားလာကြောင်း၊ ထိုင်းနိုင်ငံတွင် လုပ်ကိုင်ရန် နိုင်ငံကူးလက်မှတ် သက်တမ်းလာရောက်တိုးသူ ကိုဇော်ဝင်းလတ်က ပြောသည်။

"ခုနှစ်ထောင်၊ ရှစ်ထောင်လောက် တစ်နေ့တစ်နေ့ကို တိုးတာပေါ့နော်။ ဒါပေမဲ့ လုပ်ပေးတဲ့ အားပေါ်မှာတော့ ကန့်သတ်တဲ့ အရေအတွက်ရှိတယ် ခုနှစ်ထောင်၊ ရှစ်ထောင်လောက် တိုးနေရတာ။ ဒါဆိုဒီနေ့ဆို တော်တော်ပါးတာလေ ပြီးခဲ့တဲ့ ၁၅ရက်လောက်က Passport လာလုပ်တုန်းက သူများတွေကို လာလုပ်ပေးတာလေ လိုက်တိုးပေးတုန်းကတော့ တော်တော်များပါတယ်။ ခုနှစ်ထောင် ရှစ်ထောင် တစ်သောင်းနီးပါးလောက်ရှိမယ်" ဟု ကိုဇော်ဝင်းလတ် ကပြောသည်။

ထိုင်းနိုင်ငံက အချိုရည်စက်ရုံ၌ သွားရောက်လုပ်ကိုင်ရန် ပြင်ဆင်နေသည့် သူတစ်ဦးက မကွေးတိုင်း အောင်လံမြို့မှ လာသော အသက်၂၁ အရွယ် ကိုဇော်လင်းမောင်က ယခုလက်ရှိတွင် နိုင်ငံကူးလက်မှတ်လုပ်ရန် ရန်ကုန်ရောက်နေသည်မှာ ၄ ရက်ရှိနေပြီး ရွှေတိဂုံဘုရားအနီးက အောင်ပန်း အမည်ရှိ ဘုန်ကြီးကျောင်းတွင် တည်းခိုနေသူဖြစ်သည်။

"တော်တော်တိုးရတာ တော်တော်လည်းဒုက္ခရောက်တယ်"ဟု အောင်လံမြို့က ကိုဇော်လင်းမောင်က ပြောသည်။

နယ်ကလာရောက်ရသည့်အတွက် ကုန်ကျရိတ် ၈ သိန်းရှိနေခြင်းကြောင့် အခက်တွေ့နေသည်ဟု သူက ဆိုသည်။

ယခုရက်ပိုင်းတွင် နိုင်ငံကူးလက်မှတ် လာရောက်လုပ်ကိုင်သူ များပြားနေခြင်းသည် သြင်္ကန်ပိတ်ရက်များကြောင့်ဖြစ်ကြောင်း နိုင်ငံကူလက်မှတ်ရုံးမှ တာဝန်ရှိသူက ပြောကြားထားသည်။

"လူကသေတော့မယ် ဗိုက်လည်းဆာနေပြီ သွားလို့လည်းမရဘူး လာလို့လည်းမရဖြစ်နေပြီ ဒီမှာ။ ဘာလို့လဲဆိုတော့ သွားလိုက်ရင်လည်း ခေါ်မလားမသိ ထိုင်နေတော့လည်း ဗိုက်ကဆာတော့ မတတ်နိုင်တော့ဘူး" ဟု ထိုင်းနိုင်ငံရှိ ငါးသေတ္တာစက်ရုံတွင် သွားရောက်လုပ်ကိုင်မည့် မဝေဝေလွင် က သူ၏ အခက်အခဲကို ပြောသည်။

နိုင်ငံကူးလက်မှတ် ထုတ်ပေးရာတွင် ယခင်က လနှင့်ချီကြာတတ်ပြီး ယခုအခါ လူတစ်ယောက်ကို အပြီးအစီး ၁၀ ရက်အချိန်ယူကာ ပြုလုပ်ပေးနေခြင်းဖြစ်သည်။ တစ်ရက်လျှင် လူတစ်ထောင်ဝန်းကျင်ကို နိုင်ငံကူးလက်မှတ် ပြုလုပ်ပေးနေသည်ဟု အဆိုပါရုံးမှ တာဝန်ရှိသူတစ်ဦးက ဆိုသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly