၂၀၁၇ခုနှစ်အတွက် ပြည်သူ့ဂုဏ်ရည်ဆုစာရင်းကို မေ ၂၈ရက်တွင် ကြေငြာမည်

၂၀၁၇ခုနှစ်အတွက် ပြည်သူ့ဂုဏ်ရည်ဆုစာရင်းကို မေ ၂၈ရက်တွင် ကြေငြာမည်

၂၀၁၇ ခုနှစ်အတွက် အဋ္ဌမအကြိမ်မြောက် ပြည်သူ့ဂုဏ်ရည်ဆုကို မေလ ၂၈ရက်တွင် အမေရိကန်ပြည်ထောင်စု ကော်လိုရာဒိုပြည်နယ်တွင် ကြေငြာမည်ဖြစ်ပြီး လက်ရှိတွင် စာရင်းပေးသွင်းသူ ၃၇ဦးရှိကြောင်း အပြည်ပြည်ဆိုင်ရာ မြန်မာတိုင်းရင်းသားမိသားစုများ၏ ပြည်သူ့ဂုဏ်ရည်အသင်းက ထုတ်ပြန်ထားသည်။

ပြည်သူ့ဂုဏ်ရည်ဆုသည် ပြည်သူများမှ အဆိုပြုတင်သွင်းသော အမည်စားရင်းများထဲမှတစ်ဦး(သို့မဟုတ်) အဖွဲ့အစည်းတစ်ဖွဲ့ကို ပြည်သူ့ဂုဏ်ရည်အသင်းဌာနခွဲအသီးသီးက ဆန္ဒမဲများဖြင့် ရွေးချယ်သွားခြင်းဖြစ်သည်။

၂၀၁၇ ခုနှစ်အတွက် ပြည်သူ့ဂုဏ်ရည်ဆုအတွက် အမည်စာရင်း တင်သွင်းခံရသူများသည် မြန်မာ့လူမှုဘဝတိုးတက်မြင့်မားရေးအသင်း၊ ကိုနေမျိုးဇင် (ဗိုလ်ကြီးဟောင်း)၊ ဦးကိုနီ (တရားလွှတ်တော်ရှေ့နေ)၊  ဒေါက်တာကျော်စိုး(ဗိမာန်ရှင်-လူမှုရေးနှင့် နာရေးကူညီမှုအသင်း)၊ Save The Library (စာကြည့်တိုက်များကွန်ရက်)၊ ကိုဆွေဝင်း (Myanmar Now သတင်းဂျာနယ်)၊ လူ့အခွင့်အရေး လှုပ်ရှားဆောင်ရွက်သူ ကိုအောင်မျိုးမင်း၊ အဆိုတော်၊ တေးရေးဆရာ ကိုဆောင်းဦးလှိုင်၊ မြန်မာ ရွေ့လျားပညာရေးစီမံကိန်း - myME Project တို့အပါအဝင် ၃၇ဦးဖြစ်သည်။

၎င်းဆုသည် ပြည်ပရောက်မြန်နိုင်ငံသားများ စုပေါင်း၍ နိုင်ငံရေး၊ လူမှုရေးနှင့် ပရဟိတနယ်ပယ်များတွင် ကိုယ်ကျိုးစွန့်အနစ်နာခံဆောင်ရွက်နေသူများကို နှစ်စဉ်ဆုချီးမြှင့်ခြင်းဖြစ်သည်။

ချီးမြှင့်ခြင်း၏ ရည်ရွယ်ချက်မှာ မြန်မာပြည်တွင်းမှ ဂုဏ်ပြုထိုက်သော လူမှုရေးသူရဲကောင်းများကို ဖော်ထုတ်ဂုဏ်ပြုသွားရန်နှင့် အမှန်တကယ် အကူအညီလိုအပ်နေသော   မြန်မာပြည်တွင်း လူမှုရေးအသင်းဖွဲ့များကို အားပေးကူညီသွားရန်ဖြစ်သည်။

အမည်စာရင်းတင်သွင်းခံရသည့်အထဲတွင် ပါဝင်သည့် လူ့အခွင့်အရေးတက်ကြွလှုပ်ရှားသူ ညီမျှခြင်းမြန်မာ၏ အမှုဆောင်ဒါရိုက်တာ ဦးအောင်မျိုးမင်းက "အမည်စာရင်း တင်သွင်းခံရတဲ့ တခြားသူတွေကို   လေ့လာလိုက်တော့ ကိုယ့်ထက်လေးစားစရာကောင်းတဲ့သူတွေဖြစ်နေတာ တွေ့ရပါတယ်။ ကိုယ်ကျိုးမဖက် အများအကျိုးအတွက်လုပ်ဆောင်နေတဲ့ ကျနော်ကိုယ်တိုင်လေးစားအားကျရတဲ့သူတွေလည်း ပါဝင်နေပါတယ်။ သူတို့တွေက ဒီလိုဆုမျိုးနဲ့ အမှန်တကယ်ထိုက်တန်ကြတဲ့သူတွေဖြစ်ပါတယ်။ ကျနော်ကတော့ တိုင်းပြည်နဲ့မြန်မာပြည်သူတွေအကျိုးကို အမှန်တကယ်ကြိုးပမ်းဆောင်ရွက်ပြီး အများကသိပ်မသိသေးတဲ့သူမျိုးကိုပိုရစေချင်ပါတယ်"ဟု ပြောသည်။

၂၀၁၆ ခုနှစ်အတွက် ပြည်သူ့ဂုဏ်ရည်ဆုကို ရှမ်းပြည်နယ် ပင်းတယမြို့မှာ လူမှုရေးလုပ်ငန်းတွေကို ဆောင်ရွက်နေသည့် ပင်းတယမြို့နယ် ဆရာဝန်ကြီး ဒေါက်တာ သန်းမင်းထွဋ်က ရရှိခဲ့ပြီး ဗဟိုအလုပ်အမှုဆောင်အဖွဲ့က ပေးအပ်သည့်ပြည်သူ့ဂုဏ်ရည် အထူးဆုများကို ဒေါ်ခင်မမမျိုး နှင့် ပန်းရဲ့လမ်းအဖွဲ့နှင့်မြန်မာပုံပြောသူများအဖွဲ့တို့ကရရှိခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly