ရဟန်းစာဆို အမျိုးသားစာပေဆုရှင် ကိုပညာ(အမရပူရ)၏ တစ်နှစ်ပြည့် ဂုဏ်ပြုကျောက်စာတိုင် စိုက်ထူသွားမည်

ရဟန်းစာဆို အမျိုးသားစာပေဆုရှင် ကိုပညာ(အမရပူရ)၏ တစ်နှစ်ပြည့် ဂုဏ်ပြုကျောက်စာတိုင် စိုက်ထူသွားမည်

အမျိုးသားစာပေဆုရ တောင်လေးလုံးကျောင်းတိုက်ဆရာတော် ရဟန်းစာဆို ကိုပညာ(အမရပူရ)၏ ပျံလွန်တော်မူခြင်း တစ်နှစ်ပြည့် အမှတ်တရ ဂုဏ်ပြုကျောက်စာတိုင်ကို ဂန္တဝင် မြတ်နိုးသူများအဖွဲ့မှ ဦးဆောင်၍ (၂၀၁၇)ခုနှစ် မေ(၁၀)ရက်နေ့တွင် မန္တလေးမြို့ အမရပူရမြို့နယ် တောင်သမန်အင်းအနီးရှိ တောင်လေးလုံးကျောင်းတိုက်ရှိ သူဌေးရင်ပြင်တွင် စိုက်ထူဖွင့်လှစ်မည် ဖြစ်ကြောင်း သိရသည်။

အမျိုးသားစာပေဆုရ တောင်လေးလုံးကျောင်းတိုက်ဆရာတော် ရဟန်းစာဆို ကိုပညာ(အမရပူရ)ကို အဘ ဦးသိန်းဖေ၊ အမိ ဒေါ်အေးရွေတို့က အမရပူရမြို့ တောင်ကြီးရပ်ကွက် အရှေ့ဆင်တိုင်ရပ်တွင်   မြန်မာသက္ကရာဇ် ၁၂၉၄ ခုနှစ်၊ ပြာသိုလဆန်း (၁၀)ရက် (ခရစ်နှစ် ၁၉၃၃ ခုနှစ်၊ ဇန်နဝါရီလ ၅ ရက်) တွင် ဖွားမြင်ခဲ့သည်။

ခြောက်နှစ်သားအရွယ်တွင် တောင်သမန်အင်းစောင်း တောင်လေးလုံးကျောင်း သို့ ရောက်ရှိ၍ စာပေပညာသင်ယူခဲ့သည်။ ကိုးနှစ်သားအရွယ်တွင် ရှင်သာမဏေ ပြုခဲ့သည်။ (၁၆) နှစ်သားအရွယ်တွင် အမရပူရမြို့၊ မဟာဂန္ဓာရုံ ဆရာတော်ကြီး အရှင်ဇနကာဘိဝံသ (အဂ္ဂမဟာပဏ္ဍိတ) ထံတွင် စာပေပရိယတ္တိများ သင်ကြား၍ ‘ဓမ္မာစရိယ’ အောင်မြင်ခဲ့သည်။

ယခုအခါ အမရပူရမြို့နယ် တောင်လေးလုံးကျောင်းတိုက်တွင် သီတင်းသုံးနေထိုင်ခဲ့သော ရဟန်းစာဆို အမျိုးသားစာပေဆုရှင် ကိုပညာ (အမရပူရ) ပျံလွန်တော်မူခဲ့ခြင်း တစ်နှစ်ပြည့် ကျောက်စာတိုင်ကို ကဆုန်လပြည့်နေ့တွင် အချောသတ် ပြီးစီး၍ ဖွင့်လှစ်နိုင်ရန် (၂၀၁၇)ခုနှစ် မေ(၆)ရက် နံနက်ပိုင်းမှစတင်၍ ကျောက်စာ ထုဆစ်သည် နေရာမှ သူဌေးရင်သို့ ပြောင်းရွှေ့လုပ်ဆောင်လျက်ရှိသည်။

၁၉၅၅ ခုနှစ်ခန့်တွင် စုံထောက်ဝတ္တူမဂ္ဂဇင်း၌ ဆောင်းပါးတပုဒ်၊ ဝတ္ထုတပုဒ်ရေးသား၍ စာပေလောကသို့ စတင်ဝင်ရောက်လာ ခဲ့သည်။ ထို့နောက် မြဝတီမဂ္ဂဇင်း အမှတ် (၉၉) တွင် ‘တောင်သမန်၏နံနက်ခင်း’ ကဗျာပါရှိခဲ့သည်။ ၁၉၅၉ ခုနှစ်တွင် သွေးသောက်မဂ္ဂဇင်း၌ ဆောင်းပါးများ ဆက်လက်ရေးသားခဲ့သည်။ ၁၉၆၇ ခုနှစ်တွင် ကိုပညာ (အမရပူရ) ကလောင်အမည် ခံယူ၍ ငွေတာရီမဂ္ဂဇင်းတွင် ရေးသားခဲ့သည်။ ၁၉၆၉ ခုနှစ်တွင် ဦးဝင်းတင်၏ မန္တလေးမြို့ ဟံသာဝတီသတင်းစာနှင့် အခြားမဂ္ဂဇင်းများတွင် ဆောင်းပါးများ ရေးသားခဲ့သည်။

၁၉၅၈-၆၇ ခုနှစ်များတွင် ဗိုလ်မှူးဘသောင်း (မောင်သုတ) ၊ မန္တလေးမြို့ အနောက် ခင်မကန်ကျောက်ဆောက်ကျောင်းဆရာတော် အရှင်ဝါယမ၊ မန္တလေးတက္ကသိုလ်က ဆရာ ဦးမောင်မောင်တင် (မဟာဝိဇ္ဇာ)၊ သမိုင်းပညာရှင် ဒေါက်တာသန်းထွန်း စသည်တို့နှင့်အတူ တိမ်မြုပ်ရှားပါးနေသော မြန်မာစာပေနှင့် သမိုင်းစာပေများကို ဖော်ထုတ် လေ့လာခဲ့ပြီး စာတမ်းများ၊ ဆွေးနွေးပွဲများ ပြုလုပ်ခဲ့သည်။

၁၉၉၇ ခုနှစ်တွင် ‘တောင်သမန်ဝန်းကျင် သမိုင်းဝင်နေရာများ’ စာအုပ်ဖြင့် အမျိုးသားစာပေဆု (သုတပဒေ သာ ဝိဇ္ဇာ ဘာသာရပ်) ကို ရရှိခဲ့သည်။

အမျိုးသားစာပေဆုရ တောင်လေးလုံးကျောင်းတိုက်ဆရာတော် ရဟန်းစာဆို ကိုပညာ(အမရပူရ) သည် (၂၀၁၆)ခုနှစ် မေလ(၂၁)ရက် နံနက်(၁၀)နာရီခန့်က လူကြီးရောဂါဖြင့် နာတာရှည်ခံစားခဲ့ရာမှ ပျံလွန်တော်မူခဲ့ခြင်းဖြစ်ပြီး ပျံလွန်တော်မူချိန်တွင် သက်တော် (၈၄)နှစ် ဝါတော် (၆၄)နှစ် ရှိပြီ ဖြစ်ကြောင်း သိရသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly