ပုဂံ​ဒေသ ကမ္ဘာ့အ​မွေနှစ်စာရင်းဝင်ရေး ၂၀၁၇ တွင် မဖြစ်မနေ ဆောင်​ရွက်​သွားမည်​ဟု သူရ ဦး​အောင်​ကို​ပြော

ပုဂံ​ဒေသ ကမ္ဘာ့အ​မွေနှစ်စာရင်းဝင်ရေး ၂၀၁၇ တွင် မဖြစ်မနေ ဆောင်​ရွက်​သွားမည်​ဟု သူရ ဦး​အောင်​ကို​ပြော
ဓာတ်ပုံ-ပြည့်ဖြိုးကျော်

ပုဂံ၊မေ ၆    ။           ။ ပုဂံယဉ်ကျေးမှုဒေသအား ကမ္ဘာ့အမွေအနှစ်စာရင်း တင်သွင်းရေးအား ၂၀၁၇ ခုနှစ်၊ စက်တင်ဘာလမှ စတင်၍ ဆောင်ရွက်သွားမည်ဟု သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန   ပြည်ထောင်စု ဝန်ကြီး သူရ ဦးအောင်ကိုက မေလ ၆ ရက်တွင် ကျင်းပပြုလုပ်သည့် ပုဂံယဉ်ကျေးမှုအမွေအနှစ်ဒေသ ထိန်းသိမ်းစောင့်ရှောက်မှုဆိုင်ရာ သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။

"ကမ္ဘာ့အမွေအနှစ် တင်သွင်းဖို့ရာအတွက်ကို လုပ်ငန်း ၂၀၁၇ ခုနှစ်မှာ စက်တင်ဘာ အောက်တိုဘာမှာ အဆိုပြုစာတွဲမူကြမ်း တင်သွင်းဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။ တင်သွင်းတဲ့အခါမှာ ၂၀၁၈ခုနှစ် ဇန်နဝါရီလ လောက်မှာ UNESCO က တာဝန်ရှိ ပုဂ္ဂိုလ်တွေ လာရောက်ကွင်းဆင်းမှာ ဖြစ်ပါတယ်"ဟု ပြည်ထောင်စု ဝန်ကြီး သူရဦးအောင်ကိုက ဆိုသည်။

အဆိုပါလုပ်ငန်းများဆောင်ရွက်ရန်အတွက် ပုဂံဒေသ ရှေးဟောင်းယဉ်ကျေးမှုဇုန်အား ပြင်ဆင်သတ်မှတ်သည့် လုပ်ငန်းများအား လုပ်ဆောင်သွားမည်ဟု သိရသည်။ "ပုဂံဒေသနဲ့ အထောက်အကူပြုစီမံချက်တွေက များစွာရှိပါတယ်။အဲ့ဒီ Master plan ရေးဆွဲတဲ့ အခါမှာဇုန်ပြင်ဆင်ရေး စီမံချက်ကို စတင်အကောင်အထည်ဖော်ဆောင်ရွက်သွားမှာဖြစ်ပါတယ်။

ဇုန်ပြင်ဆင်သတ်မှတ်မှုကို အတည်ပြုပြဌာန်းမပေးနိုင်ခြင်း၊ ကျန်တဲ့လုပ်ငန်းစီမံချက်တွေကို လုံးဝရေးဆွဲ အကောင်အထည်ဖော်ဖို့ လုံးဝ မဖြစ်နိုင်တဲ့ကိစ္စဖြစ်ပါတယ်"ဟု သူရဦးအောင်ကိုက ပြောသည်။

ယင်းလုပ်ငန်းများ ဆက်လက်လုပ်ဆောင်ရန်အတွက် UNESCO အား အဓိက အကူအညီတောင်းထားကြောင်း ပြည်ထောင်စုဝန်ကြီးက ဆက်ပြောသည်။ပုဂံဒေသအား ကမ္ဘာယဉ်ကျေးမှု အမွေအနှစ်စာရင်း တင်သွင်းရေးအား ၂၀၁၇-၂၀၁၈ခုနှစ် တွင် သာသနာရေး ဝန်ကြီးဌာနမှ မဖြစ်မနေဆောင်ရွက်သွားမည်ဟု သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly