တနင်္သာရီမြို့နယ်မှ ၂၀၁၇-၂၀၁၈ သစ်ထုတ်ရာသီတွင် သစ်တန် ၁၅,၀၀၀ ပထမဆုံး ပြန်လည်ထုတ်ယူသွားမည်

တနင်္သာရီမြို့နယ်မှ ၂၀၁၇-၂၀၁၈ သစ်ထုတ်ရာသီတွင် သစ်တန် ၁၅,၀၀၀ ပထမဆုံး ပြန်လည်ထုတ်ယူသွားမည်

မြိတ်၊ မေ- ၆ ။                 ။ တနင်္သာရီတိုင်းဒေသကြီး မြိတ်ခရိုင် တနင်္သာရီမြို့နယ်တွင် ၂၀၁၇-၂၀၁၈ သစ်ထုတ်ရာသီအတွက် သစ်တန် ၁၅,၀၀၀ကို ပထမဆုံးပြန်လည်ထုတ်ယူသွားမည်ဟု တနင်္သာရီတိုင်းဒေသကြီး မြိတ်ခရိုင် သစ်ထုတ်လုပ်ရေးဒေသ မြန်မာ့သစ်လုပ်ငန်း တာဝန်ခံ မန်နေဂျာက မေ ၅ ရက်၌ ပြောသည်။

တနင်္သာရီမြို့နယ်အတွင်း တကျက်ကြိုးဝိုင်း အကွက်အမှတ်(၈၃)၊ (၈၄)၊ (၈၅)နှင့် ပဝဖိုးမဲ ကြိုးပြင် သစ်ကွက်များတွင် သစ်မာများထုတ်ယူသွားမှာဖြစ်ကာ  ပြည်တွင်းသုံးအဖြစ် ထုတ်လုပ်မည် ဆိုသော်လည်း ဒေသသုံးအဖြစ် ထုတ်လုပ်မည့် သစ်တန်များထဲမှ ၅၀ ရာခိုင်နှုန်းကို သတ်မှတ်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

“ဒေသသုံးအဖြစ်ကတော့ ထုတ်လုပ်နိုင်တဲ့ သစ်တန်ထဲကနေ ၅၀ ရာနှုန်း သတ်မှတ်ပေးသွားမယ်။ ပင်ထောင်စနစ်နဲ့ ကျွန်းကလွဲရင် သစ်မာတွေကို ထုတ်သွားမှာဖြစ်ပါတယ်” ဟု သစ်လုပ်ငန်း တာဝန်ခံမန်နေဂျာက ဆိုသည်။

သစ်ထုတ်လုပ်ရေးအနေဖြင့် သစ်တောဦးစီးဌာနက သတ်မှတ်ထားသည့် စည်းမျဉ်းစည်းကမ်းများအတိုင်း လိုက်နာ၍ နှစ်သုံးဆယ်အတွင်း တစ်ကြိမ်သာခုတ်ခွင့်ရှိမည်ဖြစ်ရာ လက်ရှိသစ်ထုတ်လုပ်မည့်   နေရာများမှာ ယခင်က သစ်ထုတ်လုပ်ထားသည့် နေရာများမဟုတ်ကြောင်းသိရသည်။

တနင်္သာရီမြို့နယ်အတွင်း လာမည့် ဇွန်လအတွင်း ပထမဆုံးသစ်ပြန်လည်ထုတ်ယူမည့် အခြေအနေဖြစ်ပြီး ယင်းအခြေအနေနှင့်ပတ်သက်၍ ဒေသခံအချို့က ဒေသအတွင်း သစ်ထုတ်မှုကို ယာယီအနေဖြင့် ခွင့်မပြုရန် အသနားခံစာတင်မည့်အခြေအနေများရှိနေကြောင်း တနင်္သာရီလွှတ်တော်ကိုယ်စားလှယ် ဦးရဲမြင့်ဆွေက ပြောသည်။

ထို့အပြင် ရာသီဥတုပြောင်းလဲမှုဖြစ်စဉ်အရ ပြီးခဲ့သည့် ဇန်နဝါရီအတွင်းက ဒေသတွင်းတောင်ပေါ်ဒေသများတွင် ရေကြီးနစ်မြုပ်မှုအချို့ ဖြစ်ပေါ်ခဲ့ခြင်းများအတွက် သုံးသပ်ဆင်ခြင်ဖွယ်ရာများဖြစ်ကြောင်း သူ၏သဘောထားကို ပြောသည်။

သစ်ထုတ်လုပ်မှုနှင့်ပတ်သက်၍ သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်းထိန်းသိမ်းရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး၏ ခွင့်ပြုချက်နှင့် သစ်တောဦးစီးဌာနမှ ပင်ထောင်မှတ် ရိုက်စနစ်ဖြင့်   ဆောင်ရွက်ပြီး မြိတ်သစ်ထုတ်ရေးဒေသအတွက် သစ်မာပင်ပေါင်း ၆၀၉၀ ရိုက်မှတ်ပေးကာ သစ်ထုတ်လုပ်သွားမည်ဖြစ်ကြောင်းသိရသည်။

ပင်ထောင်မှတ်ရိုက်စနစ်သည် သစ်ပင်ကို ခုတ်လှဲခြင်းမရှိဘဲ လုံးပတ်၊ပင်စည်အရှည်များကို တိုင်းတာပြီး သစ်တောဦးစီးဌာနက သစ်ထုတ်လုပ်နိုင်သည့်အရွယ်အစားဖြစ်မဖြစ် စစ်ဆေးတိုင်းထွာသည့် နစ်စနစ်ဖြစ်ကြောင်း တနင်္သာရီသစ်တောဌာန တာဝန်ရှိသူ၏ ပြောပြချက်အရ သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly