ရန်ကုန်တိရစ္ဆာန်ဥယျာဉ်ရှိ လှောင်အိမ်များအား လုံခြံုမှုပိုင်း တိုးမြှင့်တော့မည်

ရန်ကုန်တိရစ္ဆာန်ဥယျာဉ်ရှိ လှောင်အိမ်များအား လုံခြံုမှုပိုင်း တိုးမြှင့်တော့မည်

ရန်ကုန်၊ မေလ ၆ ။                    ။ ရန်ကုန်တိရစ္ဆာန်ဥယျာဉ်အတွင်း ဧပြီလ ၃ဝ ရက်က မျောက်ရုံလှောင်အိမ်မှ လွတ်မြောက်ပြီး အမျိုးသမီးကြီးတစ်ဦး မျောက်ကိုက်ခံရမှု ဖြစ်ပွားခဲ့ပြီးနောက် တိရစ္ဆာန်ခြံဝန်းလှောင်အိမ်များအားလုံးကို လုံခြုံမှုပိုင်း အထူးတိုးမြှင့်လုပ်ဆောင်သွားမည် ဖြစ်ကြောင်း ရန်ကုန်တိရစ္ဆာန်ဥယျာဉ် အုပ်ချုပ်ရေးမှူး ဦးထွန်းဝင်းအောင်က မဇ္ဈိမသို့ ပြောသည်။

အဆိုပါ ဖြစ်စဉ်မျိုး ထပ်မဖြစ်ဖို့ရန် ဒီထက်ကောင်းတဲ့ အစီအမံတွေနှင့် လုပ်ဆောင်သွားမည်ဟု ဆိုသည်။

တိရစ္ဆာန်ဥယျာဉ်အတွင်းရှိ လှောင်အိမ်များ၏ အတွင်း၊ အပြင် သော့ခတ်သည့်စနစ်များ၊ လုံခြုံရေးဝန်ထမ်းများ လှည့်လည်စောင့်ကြည့်သည့်အပိုင်းများကို ယခင်ထက်ပိုမို တိုးမြှင့်လုပ်ဆောင်ရန် စီစဉ်နေပြီဟု မေလ ၆ ရက် နေ့တွင် ဦးထွန်းဝင်းအောင်က ပြောသည်။

“ ဘယ်လိုပဲဖြစ်ဖြစ်ပေါ့နော်။ အများပြည်သူအပန်းလာဖြေတဲ့အခါ အဆင်ပြေစေဖို့အတွက် နောက်တစ်ချိန်မှာ ဒါမျိုးထပ်မဖြစ်ဖို့အတွက် ကျွန်တော်တို့အနေနဲ့ ဒီထက်ကောင်းတဲ့ အစီအမံတွေနဲ့ လုပ်ဆောင်သွားမှာပါ။ အထူး သဖြင့် လုံခြုံမှုအပိုင်းကိုတော့ ခြံဝန်းလှောင်အိမ်တွေကို သော့ခတ်စနစ်နဲ့ ဝန်ထမ်းတွေ ဝန်းအတွင်းလှည့်ပြီး စောင့်ကြည့်ပေးတဲ့အပိုင်းကိုတော့ အဓိကထားတိုးမြှင့်လုပ်ဆောင်သွားမှာပေါ့”ဟု ဦးထွန်းဝင်းအောင်က လုံခြုံ ရေးတိုးမြှင့်လုပ်ဆောင်မည့်အပိုင်းနှင့် ပတ်သက်ပြီးပြောသည်။

ဧပြီလ ၃ဝ ရက်၊ မနက် ၉ နာရီ၊ ၁ဝ မိနစ်ခန့်အချိန်တွင် ရန်ကုန် တိရစ္ဆာန်ဥယျာဉ်အတွင်းရှိ မျောက်သုံးကောင် မှာ လှောင်အိမ်မှလွတ်မြောက်သွားပြီး လာရောက်လည်ပတ်သည့် အသက် ၆ဝ အရွယ်ခန့် ဒေါ်လေးကြည် ဆိုသူအား မျောက်တစ်ကောင်က ကိုက်ခဲ့ခြင်းဖြစ်သည်။

အဆိုပါ လှောင်အိမ်တံခါးနှင့် ပွင့်မှုနှင့် ပတ်သက်ပြီး  စုံစမ်းဖော်ထုတ်သွားရန်ရှိကြောင်း သိရသည်။

“ ဖြစ်စဉ်တစ်ခုဖြစ်ပြီးတဲ့နောက်မှာ လူကဖွင့်တယ်၊ မျောက်က ဖွင့်တယ်၊ ဝန်ထမ်းက မေ့လျော့တယ်ဆိုတာက တရားခံရှာတဲ့ သဘောမျိုးဖြစ်တဲ့အတွက် ကျွန်တော်အနေနဲ့ မဖြေတာဖြစ်ပါတယ်။ စုံစမ်းဖော်ထုတ်ထားတဲ့ အဖြေက ရှိပါတယ် ”ဟု ဦးထွန်းဝင်းအောင်က မျောက်များ ခြံအတွင်း လွတ်မြောက်ခဲ့မှုနှင့်ပတ်သက်ပြီး ပြောသည်။

ထွက်ပြေးသွားသော မျောက်သုံးကောင်အနက် တစ်ကောင်မှာ လှောင်အိမ်အတွင်း ပြန်လည်ဝင်ရောက်ခဲ့ပြီး ကျန်နှစ်ကောင်ကို တိရစ္ဆာန်ဆေးကုသရေးတာဝန်ခံ ဦးသန်းနိုင်နှင့် ဝန်ထမ်းများက မေ့ဆေးသေနတ်ဖြင့် ပစ်ခတ်ဖမ်းဆီးခဲ့ရသည်။

ထိခိုက်ဒဏ်ရာရရှိခဲ့သော အမျိုးသမီးအား ရန်ကုန်တိရစ္ဆာန်ဥယျာဉ်မှ တာဝန်ရှိသူများက လိုအပ်သော ကျန်း မာရေးစောင့်ရှောက်မှုများနှင့် ဆေးကုသပေးမှုများ တာဝန်ယူလုပ်ဆောင်ပေးနေပြီး မျောက်ရုံ တာဝန်ကျဝန်ထမ်းကို ထိုက်သင့်သည့်ပြစ်ဒဏ် ပေးသွားမည်ဟု သိရသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly