မော်လိုက်၊ မေ ၅ ။ ။ စစ်ကိုင်းတိုင်းဒေသကြီးအတွင်းရှိ ဘုန်းတော်ကြီးသင် ပညာရေးကျောင်းများ နှင့် တိုင်းရင်းသား မိဘမဲ့ကျောင်းများမှ ရှမ်းတိုင်းရင်းသားဘာသာစကား သင်ကြားလိုပါက ရှမ်းစာပေနှင့်ယဉ်ကျေးမှု အသင်းသို့ ဆက်သွယ်နိုင်သည်ဟု ၎င်းအသင်းဥက္ကဋ္ဌ ဦးစိုင်းချစ်ညွှန့်က မဇ္ဈိမကို ပြောသည်။
"စစ်ဘေး၊ သဘာဝဘေးစတဲ့ အကြောင်းအမျိုးမျိုးတွေနဲ့မိဘမဲ့ကျောင်းတွေ ဂေဟာတွေရောက်နေတဲ့ ရှမ်းတိုင်းရင်းသားတွေ၊ ဘုန်းတော်ကြီးသင်တဲ့ကျောင်းတွေမှာရှိနေတဲ့ ရှမ်းတိုင်းရင်းသားတွေ ရှမ်းတိုင်းရင်းသားဘာသာစကား သင်ချင်တယ်ဆိုရင် ကျွန်တော်တို့အသင်းက သွားရောက် သင်ကြားပေးမှာပါ။ ဒီလိုသင်ကြားပေးနိုင်ဖို့လည်း စီစဉ်ဆောင်ရွက်နေပါတယ်"ဟု ဦးစိုင်းချစ်ညွှန့်က ပြောသည်။
ထိုသို့စီစဉ်ဆောင်ရွက်ရခြင်းမှာ ရှမ်းစာပေ၊ရှမ်းယဉ်ကျေးမှု စသည့်ရှမ်းတိုင်းရင်းသားရိုးရာဓလေ့များကို ရှမ်းတိုင်းရင်းသားတိုင်း တတ်သိနေရန်အတွက် ဖြစ်သည်ဟု ဦးစိုင်းချစ်ညွှန့်က ဆိုသည်။
"ကျောင်းတွေ၊ဂေဟာတွေက ဆက်သွယ်တာနဲ့ကျွန်တော်တို့ဆီက ဆရာ၊ဆရာမတွေသွားပြီး သင်ကြားပေးကြမှာပါ"ဟု ဦးစိုင်းချစ်ညွှန့်က ပြောသည်။
ဘုန်းတော်ကြီးသင်ပညာရေးကျောင်းများနှင့် တိုင်းရင်းသားမိဘမဲ့ကျောင်းများမှ ရှမ်းတိုင်းရင်းသားဘာသာစကား သင်ကြားလိုပါက ရှမ်းစာပေနှင့်ယဉ်ကျေးမှုအသင်း ဥက္ကဋ္ဌ ဦးစိုင်းချစ်ညွှန့် ဖုန်း-၀၉၂၅၀၂၈၂၅၀၇ နှင့်ရှမ်းစာပေရေးရာကော်မတီ တာဝန်ခံဦးစိုင်းလှိုင်ငြိမ်း ဖုန်း-၀၉၂၆၅၇၅၂၆၃၈ တို့သို့ ဆက်သွယ်နိုင်ကြောင်းသိရသည်။