ပဲခူးတွင် ဆိုင်ကယ် မီးရှို့ခြင်းအပြင် လူသတ်မှုများဖြင့် သံသယရှိသူ ၆ ဦးကို ဖမ်းမိထား

ပဲခူးတွင် ဆိုင်ကယ် မီးရှို့ခြင်းအပြင် လူသတ်မှုများဖြင့် သံသယရှိသူ ၆ ဦးကို ဖမ်းမိထား

မေ ၆ (ပဲခူး)။     ။ ပဲခူးမြို့တွင် မေ လ ၄ ရက်နေ့က တုတ်ဓားလက်နက်များဖြင့် ခုတ်ထစ် ရိုက်နှက်ခြင်း၊ ကားမှန်ခွဲဆိုင်ကယ် မီးရှို့ခြင်းများ ပြုလုပ်သည်ဟု သံသယရှိသူ ၆ ဦးကို ရဲတပ်ဖွဲ့က ဖမ်းဆီးထားကြောင်း သိရသည်။

"ကျွန်တော်တို့ ခြောက်ဦး မိထားပြီးပါပြီ။ လူ သေသွားတယ်ဆိုတော့ ၃၀၂ ပြောင်းဖွင့်ထားတယ်"ဟု ပဲခူးအမှတ် ၁ ရဲစခန်းမှ တာဝန်ရှိသူတစ်ဦးက ဆိုသည်။

မေလ ၄ ရက် ည ၁၁နာရီခွဲအချိန်က ပဲခူးမြို့ လိပ်ပြာကန်ပတ်လမ်းတွင် တုတ်၊ ဓား၊ လက်နက်ကိုင်ဆောက်ထားသူ ၇ ဦးက ဂစ်တာတီးနေသော လူငယ် ၅ ဦးကို တိုက်ခိုက်ရန်ပြုခဲ့ခြင်းဖြစ်သည်။

ရဲတပ်ဖွဲ့က တရားခံများအားဖမ်းဆီးရမိရေးအတွက် လိုက်လံရှာဖွေဖမ်းဆီးခဲ့ရာ သားကြီး(ခ)သားသီဟ(၁၇)နှစ်၊ သက်ဇော် ထွေး(၁၇)နှစ် ၊ တင်ထွန်းအောင် (၁၈)နှစ်၊ အောင်ကောင်းမြတ် (၂၀)နှစ်၊ ထွန်းသူရဇော် (၂၂)နှစ်၊ စွမ်းညီထူး (၁၇)နှစ်တို့အား ဖမ်းဆီးရမိခဲ့သည်။

ဖြစ်စဉ်တွင် ဒဏ်ရာအသီးသီးရရှိခဲ့သူ သူရဝင်း၊ စည်သူလွင်၊ ကောင်းမြတ်ကျော်၊ ရဲနိုင်၊ ရဲကိုတို့သည် ပဲခူးပြည်သူ့ ဆေးရုံကြီးတွင် ဆေးကုသမှုခံယူနေပြီး ကျောကုန်းထိုးသွင်းဒဏ်ရာရရှိခဲ့သည့် ဖြိုးကိုကိုဝင်းမှာ မေလ ၅ ရက် နံနက်ပိုင်းက သေဆုံးသွားခဲ့သည်။

ထို့ကြောင့် ပဲခူးအမှတ် ၁ ရဲစခန်းတွင် (ပ) ၇၂၃/၂၀၁၇ ရာဇသတ် ကြီးပုဒ်မ ၃၂၆/၃၂၅/၁၁၄ အရ အမှုဖွင့် အရေးယူထားပြီး ဖြိုးကိုကိုဝင်း သေဆုံးသွားသည့်အတွက် ရာဇသတ်ကြီးပုဒ် မ ၃၀၂ဖြင့် ပြောင်းလဲအမှုဖွင့် အရေးယူထားသည်။

အဆိုပါ လူငယ် ၇ ဦးအဖွဲ့က မြို့သစ် ပဲခူးမြစ်ကူးတံတားအနီးတွင် ဆိုင်ကယ်စီးလာသူ နှစ်ဦးအား ထပ်မံတိုက်ခိုက်ခဲ့ပြီး ဆိုင်ကယ်အား မီးရှို့ခဲ့သည်။ ထို့ပြင် လမ်းတွင် သွားလာနေသည့် ဘုန်းတော်ကြီးတစ်ပါး၏ ကားမှန်ကိုလည်း ရိုက်ခွဲခဲ့သည့်အတွက် အခြားပြစ်မှုပုဒ်မများဖြင့်ပါ အမှုဖွင့်ထားခံထားရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly