ကျောက်မီးသွေးစက်ရုံများ အကောင်အထည်အဖော်ပါက ရန်ကုန်လေထု ပိုမိုဆိုးဝါးလာနိုင်

ကျောက်မီးသွေးစက်ရုံများ အကောင်အထည်အဖော်ပါက ရန်ကုန်လေထု ပိုမိုဆိုးဝါးလာနိုင်

ရန်ကုန်၊ မေ ၅ ။                     ။ မြန်မာနိုင်ငံအစိုးရမှ ကျောက်မီးသွေးသုံး လျှပ်စစ်ဓာတ်အားပေးစက်ရုံတွေကို အကြီး အကျယ်တိုးချဲ့ရန်ပြင်ဆင်လျက်ရှိရာ ဒီတိုးချဲ့စီမံကိန်းများ အမှန်တကယ် အကောင်အထည် ဖော်ဖြစ်ပါက နိုင်ငံအတွင်း လေထုအရည်အသွေးနဲ့ ကျန်းမာရေးပြဿနာများ သိသိသာသာပိုမိုဆိုးဝါးလာစေနိုင်တယ်လို့  Greenpeace အဖွဲ့မှ မေလ ၄ ရက်တွင် အသိပေး   ပြောကြားသွားပါတယ်။

ကျောက်မီးသွေးနှင့်ပတ်သက်ပြီး မြန်မာပြည်တွင်း ပြည်သူ့ကျန်းမာရေးဆိုင်ရာ ကျောက်မီးသွေးအန္တရာယ် သုတေသနတွေ့ရှိချက်များ တင်ပြခြင်း အခမ်းအနားကို မေလ ၄ ရက်တွင် ရန်ကုန်မြို့၊ အောကစ်ဟိုတယ်မှာ ပြုလုပ်ခဲ့ပါတယ်။

လက်ရှိအချိန်မှာပဲ မြန်မာနိုင်ငံဟာ အာဆီယံ ၁၀နိုင်ငံတွင် အမှုန်အမွှားပျံ့နှံ့မှု အမြင့်ဆုံးဖြစ်ပြီး အရှေ့တောင်အာရှဒေသအတွင်း လေထုညစ်ညမ်းမှု အမြင့်ဆုံးဖြစ်ကြောင်းကို ကမ္ဘာ့ကျန်းမာရေးအဖွဲ့ရဲ့ အချက်အလက်များအရ သိရှိရပါတယ်။

ဟားဗတ်တက္ကသိုလ်နဲ့ Greenpeaceအဖွဲ့တို့ရဲ့ လေ့လာတွေ့ရှိချက်အရ အခုအခါ မြန်မာနိုင်ငံတွင် ကော့သောင်းနဲ့ တီကျစ်ကျောက်မီးသွေးသုံး ဓာတ်အားပေးစက်ရုံငယ် ၂ရုံသာ လည်ပတ်လျက် ရှိတာကြောင့် အစိုးရမှ ၈,၀၀၀ မီဂါဝပ် ထုတ်လုပ်နိုင်မယ့် ကျောက်မီးသွေးစက်ရုံ ၁၀ရုံကို ရန်ကုန်မြို့ အနီးတစ်ဝိုက်တွင် ဆက်လက်တိုးချဲ့ တည်ဆောက်သွားရန် စီမံကိန်းများ ရှိကြောင်း သိရပါတယ်။

ကျောက်မီးသွေးစီမံကိန်းများကြောင့် နိုင်ငံအတွင်း PM 2.5 ခေါ် အဆိပ်သင့်အမှုန်တွေနဲ့ အိုဇုန်းဓါတ်ငွေ့တွေ လေထုထဲတွင် အမြောက်အများတိုးလာပြီး နိုင်ငံအတွင်းတွင် လေထုညစ်ညမ်းမှုနဲ့ လူအသေအပျောက် များလာနိုင်ပါတယ်။

မြန်မာနိုင်ငံရှိ နှစ်စဉ်လူပေါင်း ၇,၁၀၀ ဟာ ဒီအကျိုးဆက်ကြောင့် အချိန်မတိုင်မီ သေဆုံးမှုများရှိနိုင်ပြီး တိုးချဲ့စက်ရှံသစ်တွေကို နှစ်ပေါင်း၄၀ အတွင်း ဆက်လက်လည်ပတ်သွားပါက လူပေါင်း၂၈၀,၀၀၀ ကျော်အထိ သေဆုံးစေနိုင်သည်ဟု သတိပေးထားပါတယ်။

ကျောက်မီးသွေးကြောင့် ထိခိုက်မှု အများဆုံးဖြစ်ပေါ်နိုင်တဲ့ ဒေသအဖြစ် ရန်ကုန်ဟာ ထိပ်ဆုံးနေရာမှာ  ပါဝင်နိုင်ကြောင်းလည်း အသိပေးထားပါတယ်။

ကျောက်မီးသွေးဓာတ်အားပေးစက်ရုံများကြောင့် ပတ်ဝန်းကျင်မှ လူများအနေဖြင့် အဆုတ်ကင်ဆာ၊ ပန်းနာရင်ကြပ်၊ အဆုတ်ပုံမမှန်ခြင်း၊ သွေးခဲမှုမြင့်တက်ခြင်း၊ သွေးတိုးခြင်း၊ လေဖြတ်ခြင်း၊ ဦးနှောက်မှတ်ဉာဏ်ကျခြင်း၊ ရုတ်တရက်နှလုံးအမောဖောက်ခြင်း၊ နှလုံးခုန်နှုန်းပြောင်းလဲခြင်း၊ နှလုံးနှင့် ပတ်သက်သောေ ရောဂါများအပြင် မိခင်များက ပေါင်မပြည့်သော ကလေးများ မွေးဖွားခြင်း၊ သန္ဓေသားကြီးထွားမှုပုံမမှန်ဖြစ်ခြင်း၊ စိတ်ပိုင်း၊ ခန္ဓာပိုင်းဆိုင်ရာ ပုံမမှန်ခြင်းများအပြင် အမျိုးသားများပါ ထိခိုက်မှုများရှိနိုင်ပါတယ်။ 

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly