မတည်ငြိမ်သည့် ကက်ရှ်မီးယားတွင် တင်းပြည့်အကြမ်းဖက်ဆန့်ကျင်မှုစစ်ဆင်ရေးများ အိန္ဒိယ ဆောင်ရွက်

မတည်ငြိမ်သည့် ကက်ရှ်မီးယားတွင် တင်းပြည့်အကြမ်းဖက်ဆန့်ကျင်မှုစစ်ဆင်ရေးများ အိန္ဒိယ ဆောင်ရွက်

သီရိနာဂါ၊ မေ ၅ ။               ။ အိန္ဒိယထိန်းချုပ်ရာ ကက်ရှ်မီးယားဒေသတွင် သောင်းကျန်းသူအုပ်စုများ၏ ဓားပြတိုက်မှုများ၊ တိုက်ခိုက်မှုများဖြစ်ပွား၍ အိန္ဒိယစစ်တပ်နှင့် ရဲတပ်ဖွဲ့က တင်းပြည့်အကြမ်းဖက် ဆန့်ကျင်မှုစစ်ဆင်ရေးများကို နေရာပေါင်း ၂၅ နေရာတွင် ဆင်နွှဲသည်။

စစ်တပ်၊ ဗဟိုအရန်ရဲတပ်ဖွဲ့နှင့် ပင်မရဲတပ်ဖွဲ့တို့မှ တပ်အင်အား တစ်ရာကျော် စစ်ဆင်ရေးအတွင်း ပါဝင်ကြောင်း တောင်ပိုင်းကက်ရှ်မီးယားမှ လက်ထောက်ထောက်လှမ်းရေးမှူးချုပ် အက်စ်ပီပါနီက EFE သို့ ပြောသည်။

“တောင်ပိုင်းကက်ရှ်မီးယားမှာ မကြုံဖူးတဲ့ စစ်ဆင်ရေးတစ်ရပ်ပါပဲ။ ဒီနယ်မြေက စစ်သွေးကြွတွေကို နှိပ်ကွပ်သွားမယ့် စစ်ဆင်ရေးလည်းဖြစ်ပါတယ်။”ဟု ပါနီက ဆိုသည်။

ပုံမှန်စစ်ဆင်ရေးတစ်ရပ်အဖြစ် နေ့စဉ် တပ်အင်အားများ ကင်းလှည့်တာဝန်ယူကာ စစ်ဆင်ရေးဆင်နွှဲခြင်းကို လုပ်ဆောင်လျက်ရှိကြောင်း အိန္ဒိယ စစ်တပ်အကြီးအကဲ ဘီပင်ရာဝတ်က သတင်းထောက်များအား ပြောသည်။

ရှိုပင်းအရပ်တွင် အကြမ်းဖက်သမားများ အစည်းအဝေး ကျင်းပသည့် ဗီဒီယို ထွက်ပေါ်လာပြီးနောက် ဘဏ်များနှင့် ခရိုင်တရားရုံးတစ်ရုံးက လုံခြုံရေးဂိတ်စခန်းတို့ကို သောင်းကျန်းသူများ တိုက်ခိုက်မှုဖြစ်ပွားခဲ့ရာမှ အိန္ဒိယအနေဖြင့် ယခုကဲ့သို့ အကြမ်းဖက်ဆန့်ကျင်မှု စစ်ဆင်ရေးကို အားဖြည့်ဆောင်ရွက်ခြင်းဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly