ယခုနှစ်ရာသီအကုန်တွင် ရိုးမားဂန္ထဝင်ကစားသမားကြီးတော့တီ အနားယူတော့မည်

ယခုနှစ်ရာသီအကုန်တွင် ရိုးမားဂန္ထဝင်ကစားသမားကြီးတော့တီ အနားယူတော့မည်

မေ ၄၊ အီတလီ ။           ။ အသက် ၄၀ အရွယ်ရှိနေပြီဖြစ်တဲ့ ရိုးမားဂန္ထဝင်ကစားသမားကြီး ဖရန်ဆက်စကိုတော့တီဟာ ယခုနှစ်ဘောလုံးရာသီအကုန်မှာ ဘောလုံးသမားဘဝကနေ အနားယူတော့မှာ ဖြစ်ပါတယ်။

ရိုးမားအသင်းအတွက် ၂၅ နှစ်ကြာကစားပေးခဲ့တဲ့တော့တီဟာ ဘောလုံးသမားဘဝက အနားယူခဲ့ပြီးရင် ဒါရိုက်တာရာထူးကို ရယူမှာ ဖြစ်ပါတယ်။

လာဇီယိုနဲ့ပွဲစဉ်အပြီးမှာ တော့တီက ဒီရောမဒါဘီပွဲစဉ်ဟာ သူ့အတွက်နောက်ဆုံးမဟုတ်ဘူးလို့ ဆိုခဲ့ပေမယ့် ရိုးမားအသင်းရဲ့ အားကစားဒါရိုက်တာသစ် မွန်ချီက တော့တီအနားယူတော့မယ်လို့ အတည်ပြုခဲ့ပါတယ်။

‘ရိုးမားအသင်းနဲ့တော့တီတို့ရဲ့ကြားက သဘောတူညီမှုကို ကျွန်တော်သိရှိပြီးပါပြီ။ ဒါက တော့တီရဲ့နောက်ဆုံးရာသီပါ။ ပြီးရင် ဒါရိုက်တာရာထူးကို သူရယူပါလိ့မ်မယ်။

တော့တီက ရိုးမားရဲ့အမှတ်တံဆိပ်ဖြစ်ပြီး ရိုးမားအသင်းနဲ့ခွဲခြားလို့မရတဲ့သူပါ။ သူနဲ့ရင်းရင်းနှီးနှီးနေလိုပါတယ်။ ဒါမှ သူ့ဆီကနေ ရိုးမားအသင်းရဲ့အကြောင်းကိုသင်ယူနိုင်မှာပါ’ လို့ အားကစားဒါရိုက်တာ မွန်ချီက ဆိုပါတယ်။

တော့တီဟာ ၁၉၉၂ ခုနှစ်က စတင်ပြီး ရိုးမားအသင်းမှာ ကစားခဲ့တာဖြစ်ပါတယ်။ ပွဲပေါင်း ရ၈၃ ပွဲကစားခဲ့ပြီး ၃၀၇ ဂိုးသွင်းယူပေးခဲ့ပါတယ်။ နည်းပြပေါင်း ၁၈ ဦးရဲ့လက်အောက်မှာ ကစားခဲ့ပြီး ရိုးမားအသင်းနဲ့အတူ စီးရီးအေဖလား ၁ ကြိမ်၊ ကိုပါအီတာလီယာဖလား ၂ ကြိမ်၊ အီတလီစူပါဖလား ၂ ကြိမ် ရရှိခဲ့ပါတယ်။

တော့တီဟာ ရိုးမားအသင်းရဲ့ ဂိုးသွင်းအများဆုံးကစားသမားဖြစ်သလို ပွဲအများဆုံးကစားထားသူအဖြစ်လည်း မှတ်တမ်းရေးထိုးထားသူ ဖြစ်ပါတယ်။

အီတလီလက်ရွေးစင်အဖြစ်ပွဲပေါင်း ၅၈ ပွဲကစားခဲ့ပြီး ၉ ဂိုးသွင်းခဲ့ပါတယ်။ ၂၀၀၆ ခုနှစ်မှာ အီတလီအသင်းနဲ့အတူ ကမ္ဘာ့ဖလားကြီးကို ရရှိခဲ့ပါတယ်။

သူ့ရဲ့ကစားသမားဘဝမှာ ကလပ်အသင်းပေါင်းမြောက်များစွာက ကမ်းလှမ်းခဲ့ပေမယ့် ရိုးမားအသင်းမှာပဲ သစ္စာရှိစွာနဲ့ ယခုအချိန်အထိကစားနေခဲ့သူဖြစ်ပါတယ်။

ရည်ညွှန်း ဒေးလီးမေးလ်

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags