ဟုမ္မလင်းတွင် ဆရာ၊ဆရာမ ၄၀၀ကျော်အား ရှမ်းတိုင်းရင်းသားဘာသာ မွမ်းမံသင်တန်းဖွင့်

ဟုမ္မလင်းတွင် ဆရာ၊ဆရာမ ၄၀၀ကျော်အား ရှမ်းတိုင်းရင်းသားဘာသာ မွမ်းမံသင်တန်းဖွင့်

ဟုမ္မလင်း၊မေ ၄ ။             ။ စစ်ကိုင်းတိုင်းဒေသကြီး၊ ဟုမ္မလင်းမြို့နယ် အခြေခံပညာကျောင်းများတွင် လာမည့်ပညာသင်နှစ် ၂၀၁၇-၂၀၁၈ခုနှစ်တွင် ရှမ်းတိုင်းရင်းသားစာပေ သင်ကြားပေးနိုင်ရေးအတွက် ဆရာ၊ ဆရာမ ၄၀၀ကျော်အား အခြေခံပညာအလယ်တန်းကျောင်း(ဟုမ္မလင်း)၌ ရှမ်းတိုင်းရင်းသားဘာသာ မွမ်းမံသင်တန်းဖွင့်လှစ် သင်ကြားပေးလျှက်ရှိသည်ဟု ဟုမ္မလင်းမြို့နယ်၊ရှမ်းစာပေနှင့်ယဉ်ကျေးမှုအသင်း ဥက္ကဋ္ဌ ဦးစိုင်းချစ်ညွှန့်က မဇ္ဈိမကိုပြောသည်။

"ဒီမွမ်းမံသင်တန်းဆင်းပြီးရင် ဆရာ၊ဆရာမတွေ သူတို့ရပ်ရွာမှာရှိတဲ့ သူတို့တာဝန်ကျတဲ့ကျောင်းတွေမှာ ဒီရှမ်းတိုင်းရင်းသားဘာသာကို သင်ကြားပေးမှာဖြစ်ပါတယ်"ဟု ဦးစိုင်းချစ်ညွှန့်က ပြောသည်။

အဆိုပါသင်တန်းကို မေလ ၂ ရက်နေ့ကစတင်ကာ မေလ ၁၁ ရက်နေ့အထိ ဖွင့်လှစ်သင်ကြားပေးသွားမည် ဖြစ်သည်။

ရှမ်းတိုင်းရင်းသားဘာသာစကားကို ကျောင်းချိန်ပြင်ပဖြစ်သည့် ညနေ ကျောင်းဆင်းချိန်နှင့်စနေ၊တနင်္ဂနွေနေ့များတွင် ကျောင်းသူ၊ကျောင်းသားများကို သင်ကြားပေးသွားမည်ဖြစ်သည်။

ရှမ်းတိုင်းရင်းသားဘာသာစကားမွမ်းမံသင်တန်း တက်ရောက်နေသည့် ဟုမ္မလင်းမြို့နယ်၊အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်းမှဆရာမ ဒေါ်နန်းယဉ်မေက"လာတက်တဲ့ဆရာ၊ဆရာမ အားလုံးက ရှမ်းဘာသာစကားက တတ်ပြီးသားပါ။ အခုသင်ပေးလိုက်တဲ့ စာတွေနဲ့ဆက်လိုက်တော့ကြတော့ ကလေးတွေကို ပြောပြသင်ပြရတာပိုပြီးတော့ အဆင်ပြေသွားပါတယ်"ဟု ပြောသည်။

အဆိုပါသင်တန်းတက်ရောက်နေသည့် ဆရာ၊ဆရာမ အများစုသည် အခြေခံပညာကျောင်းများတွင် ရှမ်းတိုင်းရင်းသားဘာသာစကားကို ကျောင်းချိန်အတွင်းသာ ဘာသာတစ်ခုအနေဖြင့် သင်ကြားလိုကြပြီး ကျောင်းချိန်ပြင်ပသင်ကြားရာတွင် အခက်အခဲအချို့ရှိသည်ဟု ဆိုကြသည်။

"ကျောင်းဆင်းချိန် ကလေးတွေက အိမ်ပဲပြန်ချင်ကြသလို ကျွန်မတို့လည်း ခဏနားချင်တာပေါ့။ကျောင်းချိန်အတွင်း တစ်ချိန်တိုးပေးရင်တော့ ပိုအဆင်ပြေတာပေါ့"ဟု ထိန်ခင်းကျေးရွာ အခြေခံပညာအလယ်တန်းကျောင်းခွဲမှှဆရာမ မနန်းဝင်းဝင်းမော်ကပြောသည်။

ဟုမ္မလင်းမြို့နယ် ရှမ်းစာပေနှင့်ယဉ်ကျေးမှုအသင်းမှ ရှမ်းတိုင်းရင်းသား ဘာသာစကားကို ကျောင်းချိန်အတွင်း သင်ကြားခွင့်ရရှိရန်အတွက်လည်း ကြိုးစားနေသည်ဟု ၎င်းအသင်းဥက္ကဋ္ဌ ဦးစိုင်းချစ်ညွှန့်က ဆိုသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly