မိုနာကိုအသင်းပြန်လည်တုန့်ပြန်လာမည်ကို ဂျူဗင်တပ်နည်းပြအယ်လီဂရီစိတ်ပူနေ

မိုနာကိုအသင်းပြန်လည်တုန့်ပြန်လာမည်ကို ဂျူဗင်တပ်နည်းပြအယ်လီဂရီစိတ်ပူနေ

မေ ၄၊ တူရင်။              ။ ဆုံးရှုံးစရာမရှိတော့သည့် မိုနာကိုအသင်း တူရင်သို့ရောက်လာသည့်အခါ ချန်ပီယံလိဂ်ဗိုလ်လုပွဲတက်ရေးအတွက် ၂-၀ အရှုံးကို လက်တုန့်ပြန်ကြိုးစားသွားမည်ကို ဂျူဗင်တပ်နည်းပြ အယ်လီဂရီက စိတ်ပူနေသည်။

ဗုဒ္ဓဟူးနေ့က ကစားခဲ့သော ချန်ပီယံလိဂ်ဆီမီးဖိုင်နယ်ပထမအကျော့ အဝေးကွင်းပွဲတွင် စီးရီးအေဦးဆောင်သူ ဂျူဗင်တပ်သည် အဲလ်ဗက်စ်ဖန်တီးပေးပြီး ဟီဂူအင်သွင်းယူသည့်ဂိုးနှစ်ဂိုးဖြင့် မိုနာကိုအားအနိုင်ရပြီး အခြေအနေကောင်းပိုင်ဆိုင်နိုင်ခဲ့သည်။

မိုနာကိုအသင်းမှာ စတိတ်လူးဝစ် ၂ ကွင်းတွင် လက်ရှိရာသီပထမဆုံးအဖြစ် ဂိုးပေါက်ပျောက်ခဲ့ရသော်လည်း နည်းပြယာဒင်၏ အသင်းသည် အဝေးကွင်းကောင်းကြောင်းကို   ဒေါ့မွန်နှင့် ပွဲအားမျက်မြင်တွေ့ထားသည့် အယ်လီဂရီက သိထားသည်။

ဖလားသုံးလုံးမျှော်မှန်းနေသည့် ဂျူဗင်တပ်အသင်းသားများကို အယ်လီဂရီကချီးကျူးပြီးနောက် တူရင်တွင်ကစားရမည့်ပွဲအတွက် လည်း သတိပေးခဲ့သည်။

“ဒီလူငယ်လေးတွေဟာ တော်တော်လေးပြီးပြည့်စုံတဲ့ ရာသီတစ်ခုကို ပိုင်ဆိုင်ခါနီးပါပြီ။ မိုနာကိုနဲ့ပွဲအပြီးမှာ ကျွန်တော့်အသင်းကို ချီးကျူးစကားပြောလိုပါတယ်။ လွယ်ကူတဲ့ပွဲတစ်ပွဲ မဟုတ်ခဲ့ပါဘူး။

ကျွန်တော်တို့ ကောင်းကောင်းစတင်နိုင်ခဲ့ပြီး ဂိုးမရှိသရေဖြစ်နေချိန်မှာ ဘတ်ဖွန်က ကာကွယ်မှုကောင်းတစ်ကြိမ်လုပ်နိုင်ခဲ့တယ်။ ကျွန်တော်တို့ ဂိုးတွေရပြီးနောက်မှာလည်း အာရုံဆက်ပြီးစိုက်နိုင်ခဲ့တယ်။

ကျွန်တော်တို့ ဝမ်းသာရမှာဖြစ်သလို သူတို့ထပ်ပြီးဆုံးရှုံးစရာရှိတော့တာကိုတော့ စိတ်ပူရမယ်”ဟု အယ်လီဂရီက ပြောသည်။

မိုနာကိုနည်းပြ လီယိုနာဒိုယာဒင်ကလည်း အသင်းကစားပုံကောင်းမွန်ခဲ့ပြီး ကစားသမားများ၏ ခြေစွမ်းအတွက် အမှန်တကယ် ကျေနပ်မိကြောင်း၊ ကစားသမားများမှာ ပြင်သစ်ဘောလုံးလောကကို အထင်ကြီးအောင်လုပ်ပြနိုင်ခဲ့ကြောင်းနှင့် ဘတ်ဖွန်၏ မယုံနိုင်စရာ ကာကွယ်မှု နှစ်ကြိမ်၊ သုံးကြိမ်ကြောင့် ကံဆိုးခဲ့ရကြောင်း ပြောဆိုခဲ့သည်။

Ref; Daily Mail

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly