မုံရွာ၊ မေ ၃ ။ ။ ယမန်နှစ် မိုးရာသီစိုက်ပျိုးစရိတ်ထုတ်ချေးခဲ့ရာတွင် အပြည့်အဝပြန်ဆပ်ရန်အတွက် မြို့နယ်ပေါင်း ၂၂ မြို့နယ် ကျန်ရှိနေကြောင်း စစ်ကိုင်းတိုင်းဒေသကြီး မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်မှ စာရင်းများအရ သိရသည်။
စစ်ကိုင်းတိုင်းအတွင်း ၂၀၁၆ ခုနှစ်က မိုးရာသီစိုက်ပျိုးစရိတ်အား မြို့နယ်ပေါင်း ၃၄ မြို့နယ်အား ထုတ်ချေးခဲ့ပြီး ၂၀၁၇ ခုနှစ် မိုးရာသီစိုက်စရိတ်ထုတ်ချေးပြီးသည့် အချိန်ထိပင် အပြည့်အဝဆပ်သူမှာ ၁၁ မြို့နယ်သာ ရှိသေးကြောင်း စိုက်ဘဏ်မန်နေဂျာ ဦးဗိုလ်လေးက ပြောသည်။
"အစိုးရချေးငွေဆိုတာက ပြန်ဆပ်မှ နောက်ထပ် ထုတ်ချေးနိုင်မှာပါ။ အရင်ချေးငွေ အပြည့်အဝမဆပ်သေးတော့ နောက်ထပ် ထုတ်ချေးဖို့မလွယ်ပါဘူး။ ကျပ်သန်း ရ၀၀၀ ကျော် ကျန်နေပါတယ်။"ဟု စစ်ကိုင်းတိုင်းဒေသကြီး မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ် မန်နေဂျာ ဦးဗိုလ်လေးက မဇ္ဈိမသို့ ပြောသည်။
ယမန်နှစ်က မိုးဘဏ်ထုတ်ချေးရာတွင် ၁၉၆၇၈၉ ဒသမ ၆၄ ကျပ်သန်း ထုတ်ချေးခဲ့ပြီး ၁၂၆၂၈၇ ဒသမ ၆၀ ကျပ်သန်းသာ ပြန်လည် ရရှိလျှက်ရှိကြောင်း ယင်းတို့အနက်မှ ၁၁ မြို့နယ်သာလျှင် အကျေဆပ်ပြီးဖြစ်ကြောင်း သိရသည်။
၂၀၁၇ ခုနှစ် မိုးရာသီစိုက်စရိတ်အတွက် ဘဏ်ထုတ်ချေးရာတွင် ချေးငွေပြန်ဆပ်ပြီးသော မြို့နယ်များတွင် ၄၈၇၂ ဒသမ ၂၀ ကျပ်သန်းသာ ထုတ်ချေးပေးခဲ့ကြောင်း သိရသည်။