ရန်ကုန်တွင် ဓာတ်အားမလောက်၍ မီးပျက်တောက်ရခြင်း မဟုတ်ဟုဆို

ရန်ကုန်တွင် ဓာတ်အားမလောက်၍ မီးပျက်တောက်ရခြင်း မဟုတ်ဟုဆို

ရန်ကုန်၊ မေ ၃ ။            ။ ရန်ကုန်တိုင်းဒေသကြီးရှိ မြို့နယ်တချို့တွင် လျှပ်စစ်မီးပျက်တောက်မှု ဖြစ်ပေါ်နေရခြင်းမှာ လျှပ်စစ်ဓာတ်အား မလုံလောက်၍ ပျက်တောက်ခြင်းမဟုတ်ကြောင်း ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်၊ လျှပ်စစ်နှင့်စွမ်းအင်ဖွံ့ဖြိုးတိုးတက်ရေးကော်မတီဝင် ဦးနေမျိုးထက်က ပြောသည်။

ရန်ကုန်မြို့တွင် လျှပ်စစ်မီးပျက်တောက်ရခြင်းမှာ သစ်ပင်များကို ခုတ်ထွင်ရှင်းလင်းခြင်း၊ လျှပ်စစ်ဓာတ်အားလိုင်းများ ပျက်စီးခြင်း၊ လျှပ်စစ်ဓာတ်အားလိုင်းများကို ပြုပြင် ထိန်းသိမ်းနေခြင်း တို့ကြောင့်သာဖြစ်ကြောင်း ရန်ကုန်လျှပ်စစ်ဓာတ်အားပေး ကော်ပိုရေးရှင်း၏ ဖေ့စ်ဘုတ်စာမျက်နှာတွင်လည်း ကြေငြာထားသည်။

"မနှစ်ကတုန်းက ဖြစ်တာက အားမလောက်လို့ ဖြစ်တာ။ မထုတ်လုပ်နိုင်တာ ဥပမာ ရန်ကုန်မြို့ကြီးက ၁၅၀၀ (မဂ္ဂါဝက်) သုံးတယ်။ တကယ်ထုတ်ပေးနိုင်တာ ၁၃၀၀ (မဂ္ဂါဝက်) ဆိုတော့ အားမလောက်လို့ ဖြတ်ချရတယ်။ အခုဒီနှစ်ကတော့ အဲ့ဒီပုံစံမဟုတ်ဘူး ကြားရသလောက်တော့ မြို့နယ်အတွင်းမှာ လျှပ်စစ်ပြဿနာလေးတွေကြောင့်" ဟု ဦးနေမျိုးထက်က ဆက်ပြောသည်။

မြို့နယ်များကို လျှပ်စစ်ပေးဝေရာတွင် ပုဂ္ဂလိက ကုမ္ပဏီများနှင့် ပူးပေါင်းဆောင်ရွက်နေပြီး ယခုကဲ့သို့ လျှပ်စစ်ပျက်တောက်ရသည်မှာ မြို့့နယ်အလိုက် တာဝန်ယူထားသည့် ကုမ္ပဏီများသည် ဖြန့်ဖြူးရာတွင် ပြဿနာရှိနေ၍ ဖြစ်ကြောင်း သူကဆိုသည်။

"တချို့မြို့နယ်တွေမှာက မြို့နယ်တွေကို Distribution (ဖြန့်ဖြူးရေး) အပိုင်းတွေမှာ ကုမ္ပဏီတွေ ပေးထားတာရှိတယ်ဆိုတော့ မီးကောင်းရေးမကောင်းရေးကလည်း အဲ့ဒီကုမ္ပဏီတွေနဲ့ဆိုင်တယ်"ဟု ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်၊ လျှပ်စစ်နှင့်စွမ်းအင်ဖွံ့ဖြိုးရေးကော်မတီအဖွဲ့ဝင် ဦးနေမျိုးထက်က ပြောကြားသည်။

ယခုနှစ်တွင် နိုင်ငံတော်သမ္မတ၏ အထူးရန်ပုံငွေ ကျပ်ဘီလီယံ ၄၀ ကို ရန်ကုန်မြို့ လျှပ်စစ်ဓာတ်အား ပိုမိုကောင်းမွန်စေရေးအတွက် ထုတ်ပေးထားပြီး အဆိုပါရန်ပုံငွေများထဲမှ ရွေးပြောင်းနိုင်သည့် ၃၀ မဂ္ဂါဝက်အား စက်တစ်ခုကို ဝယ်ယူသွားမည်ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly