လီဗန်တေးအသင်းက ပရိသတ်များအား ကျေးဇူးတုန့်ပြန်သည့်အနေဖြင့် ရာသီသစ်တွင် အိမ်ကွင်းပွဲစဉ်များကို အခမဲ့ကြည့်ရှုခွင့်ပေးမည်

လီဗန်တေးအသင်းက ပရိသတ်များအား ကျေးဇူးတုန့်ပြန်သည့်အနေဖြင့် ရာသီသစ်တွင် အိမ်ကွင်းပွဲစဉ်များကို အခမဲ့ကြည့်ရှုခွင့်ပေးမည်

မေ ၃၊ စပိန် ။                                   ။ လာလီဂါသို့ တန်းပြန်တက်လာခဲ့သည့် လီဗန်တေးအသင်းသည် ပရိသတ်များအားကျေးဇူးဆပ်သည့်အနေဖြင့် လာမည့်ရာသီအသစ်တွင် အိမ်ကွင်းပွဲစဉ်များကို အခမဲ့ကြည့်ရှုခွင့်ပေးမည် ဖြစ်သည်။

တန်းဆင်းခဲ့ရသည့်အချိန်တွင် အိမ်ကွင်းပွဲစဉ်များကို သစ္စာရှိစွာဖြင့် လာရောက်ကြည့်ရှုခဲ့ကြသည့် ပရိသတ် ၈၅ ရာခိုင်နှုန်းကို အခမဲ့ကြည့်ရှုခွင့်ပေးရန် လီဗန်တေးဥက္ကဋ္ဌ ကွီကိုကာတာလန်က စီစဉ်နေခြင်းဖြစ်သည်။

‘လာမယ့်ရာသီသစ်မှာ ကျွန်တော်တို့အသင်းဝင်ပရိသတ်တွေအနေနဲ့ အိမ်ကွင်းပွဲစဉ်အားလုံးကို အခမဲ့ကြည့်ရှုခွင့်ရရှိကြပါလိ့မ်မယ်။ ကျွန်တော်တို့ လာလီဂါကို တန်းပြန်တက်လာနိုင်တဲ့ အောင်မြင်မှုမှာ ပရိသတ်တွေရဲ့အားက တစ်စိတ်တစ်ပိုင်းပါ၀င်ပါတယ်။

အိမ်ကွင်းပွဲတွေကို အခမဲ့ကြည့်ရှုခွင့်ပေးတာက သူတို့ကို ကျေးဇူးဆပ်တဲ့ အလှပဆုံးနည်းလမ်းတစ်ခုဖြစ်သလို အသင်းအပေါ်ဆက်လက်သစ္စာရှိသွားဖို့ အကောင်းဆုံးနည်းလမ်းလည်း ဖြစ်ပါတယ်’ ဟု လီဗန်တေးဥက္ကဋ္ဌ ကွီကိုကာတာလန်က ဆိုသည်။

ဆီဂန်ဒါပြိုင်ပွဲပြီးဆုံးရန် ပွဲစဉ် ၆ ပွဲ ကျန်ရှိနေသေးသော်လည်း လီဗန်တေးအသင်းသည် တတိယနေရာမှ ဂီတာဖေးအသင်းကို ၁၉ မှတ်ဖြတ်ထားနိုင်သည့်အတွက် လာလီဂါသို့ တန်းပြန်တက်နိုင်ရန် သေချာသွားခဲ့ခြင်းဖြစ်သည်။

လီဗန်တေးအသင်း၏ ယခုနှစ်ရာသီ တစ်ရာသီလက်မှတ်စျေးနှုန်းမှာ အသင်းဝင်များအတွက် ယူရို ၃၅၀ ဖြစ်ပြီး အသင်းဝင်မဟုတ်သူများအတွက် ယူရို ၄၀၀ ဖြစ်သည်။ ဆီဂန်ဒါတွင် တစ်ရာသီစာလက်မှတ်စျေးအကြီးဆုံးအသင်းဖြစ်သည်။

ရည်ညွှန်း ဒေးလီးမေးလ်

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly