အိတ်နှင့် ဆန့်သလောက်ယူသွားနိုင်သည့် စာအုပ်ဘူဖေးပွဲ နောက်ဆုံးနေ့အဖြစ် ရောင်းချ

အိတ်နှင့် ဆန့်သလောက်ယူသွားနိုင်သည့် စာအုပ်ဘူဖေးပွဲ နောက်ဆုံးနေ့အဖြစ် ရောင်းချ

မေ ၁ ။             ။ စားသောက်ဆိုင်များ၏ ဘူဖေးစနစ်ကဲ့သို့ ကိုယ်ကြိုက်နှစ်သက်ရာ စာအုပ်များကို အိတ်နှင့်ဆန့်သလောက် အကြိုက်ဝယ်ယူနိုင်သည့် စာအုပ်ဘူဖေး (Book Buffet) ပွဲကို ရန်ကုန်မြို့၊ အမှတ် ၅၅ ဗဟိုလမ်း နှင့် အလုံလမ်းထောင့်၊ အလုံမြို့နယ်တွင် ယနေ့ နောက်ဆုံးနေ့အဖြစ် ဖွင့်လှစ်ရောင်းချလျက်ရှိသည်။

ဧပြီလ ၂၉ ရက်နေ့မှ ယနေ့ မေလ ၁ ရက်နေ့အထိ ရောင်းချနေသော စာအုပ်ဘူဖေးပွဲသည် Myanmar Book Centre ၏ စာအုပ်ရောင်းချမှုအစီအစဉ်တစ်ခုဖြစ်ပြီး စာအုပ်ဝယ်ယူသူများသည် ကျပ် ၁၅၀၀၀ တန် ၁၂ လက်မ အရွယ်၊ (သို့မဟုတ်) ကျပ် ၂၅၀၀၀ တန် ၁၆လက်မအရွယ် စက္ကူအိတ်များကို ဝယ်ယူပြီး အိတ်နှင့် ဆန့်သလောက် ဝယ်ယူသွွားနိုင်သည့် စနစ်ဖြစ်သည်။

စျေးသက်သက်သာသာနှင့် ဝယ်ယူဖတ်ရှု့နိုင်ရန် ယခုကဲ့သို့ ဘူဖေးစနစ်ဖြင့် စာအုပ်ရောင်းချခြင်းဖြစ်သည်ဟု Myanmar Book Centre ၏ မန်နေဂျာဖြစ်သူ ဦးကျော်ညီညီလတ်က ဆိုသည်။

“ဒီမှာရှိတဲ့ စာဖတ်ပရိသတ်တွေအတွက်ပေါ့နော်။ ဒီမှာရှိတဲ့စာအုပ်တွေက အပြင်မှာဝယ်ရင် စျေးအရမ်းကြီးတယ်။ တစ်အုပ်ချင်းစီဝယ်ရင် တော်တော်ကုန်ကျမယ်။ ဒါကြောင့် စာဖတ်သူတွေ စျေးသက်သက်သာသာနဲ့ ဝယ်ယူနိုင်အောင် ဒီစနစ်ကို ဆောင်ရွက်ရခြင်းဖြစ်ပါတယ်”  ဟု ဦးကျော်ညီညီလတ်က ပြောသည်။

ကိုယ်ရွေးနိုင်လျင် ရွေးနိုင်သလောက် စာအုပ်ကောင်းများရရှိနိုင်သည့်အတွက် ယခုစနစ်ကိုကြိုက်သည်ဟု စာအုပ်ဝယ်ယူသူ မစုနှင်းဝေက ဆိုသည််။

"ဒီစနစ်ကို သဘောကျတယ်။ ကိုယ်ကြိုက်တဲ့စာအုပ်ကို ကြိုက်သလိုရွေးရတော့ စာအုပ်ကောင်းတွေလည်းရတယ်။ စျေးနှုန်းကို ဂရုစိုက်စရာမလိုဘဲ အိတ်ထဲဆန့်သလောက်ထည့်ရတာဆိုတော့ သဘောကျတယ်။ ကလေးတွေအတွက် အင်္ဂလိပ်ပုံပြင်စာအုပ်တွေဝယ်ခဲ့တယ်” ဟု မစုနှင်းဝေက ပြောသည်။

လူမှုကွန်ယက်ကဲ့သို့ အင်တာနက်ကတစ်ဆင့် စာဖတ်သူတွေများလာသော်လည်း စာအုပ်တွေကတော့ ဆက်ရှိနေရဦးမည်ဖြစ်ကြောင်း စာပေဝါသနာရှင် ကိုအေးချမ်းဝင်းက ဆိုသည််။

“Facebook ကို လူတွေက စာရှည်ရင် မဖတ်ကြတော့ဘူး။ တစ်ကယ်စာဖတ်သူတွေ အားရတာက စာအုပ်အစစ် ပဲ။ စာဖတ်သူတွေ ရှိနေသမျှ စာအုပ်က ဆက်ရှိနေဦးမှာပဲ။ အင်တာနက်က ဖတ်တာသက်သက်။ စာအုပ်ဖတ်တာ သက်သက်ပဲ” ဟု ကိုအေးချမ်းဝင်းက ပြောသည််။

စာအုပ်စျေးပွဲတော်တွင် ဝတ္ထု၊ ကဗျာစာအုပ်များ၊ ဘာသာရပ်ဆိုင်ရာအင်္ဂလိပ်စာအုပ်များ၊ ကလေးစာပေဆိုင်ရာ စာအုပ်များအပြင်၊ နိုင်ငံရေး၊ ယဉ်ကျေးမှုနှင့် သမိုင်းဆိုင်ရာစာအုပ်များကိုလည်း အထူးစျေးနှုန်းဖြင့် ရောင်းချနေပြီး စာပေဝါသနာရှင်များ လာရောက်ဝယ်ယူနေကြသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly