ဧပြီ ၃၀၊ ဂျာမနီ ။ ။ ပွဲစဉ် ၃၁ တွင် ၀ုဖ်ဘတ်အသင်းကို ၀-၆ ဂိုးဖြင့်အနိုင်ရရှိခဲ့ပြီးနောက် ဘိုင်ယန်မြူးနစ်အသင်းသည် ဘွန်ဒက်စ်လီဂါဖလားကို ငါးနှစ်ဆက်တိုက်ဆွတ်ခူးနိုင်ခဲ့ပြီ ဖြစ်သည်။
ဒုတိယနေရာမှ လိုက်ဇစ်အသင်းမှာ အင်ဂိုးစတက်အသင်းနှင့် ဂိုးမရှိသရေကျခဲ့သောကြောင့် ဘိုင်ယန်နှင့် ၁၀ မှတ်ကွာဟသွားခဲ့ပြီး ပြိုင်ပွဲပြီးဆုံးရန် သုံးပွဲအလိုတွင် ဘိုင်ယန်အသင်းက ချန်ပီယံဖြစ်သွားခဲ့ခြင်းဖြစ်သည်။
ဘိုင်ယန်မြူးနစ်အသင်းမှာ ဘွန်ဒက်စ်လီဂါချန်ပီယံဆုကို ၂၇ ကြိမ်မြောက် စံချိန်တင်ရယူနိုင်ခဲ့ခြင်းဖြစ်သလို နည်းပြအန်စလော့တီမှာလည်း အီတလီ၊ အင်္ဂလန်၊ စပိန်နှင့် ဂျာမနီတို့တွင် အမှတ်ပေးချန်ပီယံဆုကို ရယူနိုင်သည့် နည်းပြဖြစ်လာခဲ့သည်။
၀ုဖ်ဘတ်ကိုအနိုင်ရခဲ့သည့်ပွဲတွင် ဘိုင်ယန်မြူးနစ်အသင်းအတွက် အနိုင်ဂိုးများကို လီဝန်ဒေါစကီးက ၂ ဂိုး၊ အလာဘာ၊ ရော်ဘင်၊ မူလာနှင့် ကင်မစ်ရှ်တို့က တစ်ဂိုးစီသွင်းယူပေးခဲ့ကြသည်။
လီဝန်ဒေါစကီးမှာ ဘွန်ဒက်စ်လီဂါသွင်းဂိုး ၂၈ ဂိုးအထိသွင်းယူထားပြီး ရွှေဖိနပ်ဆုကို ရရှိရန်နီးစပ်လျက်ရှိသည်။
ဘိုင်ယန်မြူးနစ်အသင်းမှာ ယခုနှစ်ရာသီတွင် ဘွန်ဒက်စ်လီဂါဖလားနှင့်ဂျာမန်စူပါဖလားတို့ကိုသာ ရယူနိုင်ခဲ့ပြီး ချန်ပီယံလိဂ်ပြိုင်ပွဲတွင် ကွာတားဖိုင်နယ်၊ ဂျာမန်ပိုကယ်ဖလားပြိုင်ပွဲတွင် ဆီမီးဖိုင်နယ်အဆင့်သို့သာ တက်ရောက်နိုင်ခဲ့သည်။