ကညင်ချောင်း နယ်စပ်ကုန်သွယ်ရေးဇုန်ကို ယခုနှစ်အတွင်း ဖွင့်နိုင်ရန် ဆောင်ရွက်မည်

ကညင်ချောင်း နယ်စပ်ကုန်သွယ်ရေးဇုန်ကို ယခုနှစ်အတွင်း ဖွင့်နိုင်ရန် ဆောင်ရွက်မည်

မောင်တော၊ ဧပြီ ၃၀ ။           ။  မြန်မာ-ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံနယ်စပ်ဒေသရှိ မောင်တောမြို့နယ်၊ ကညင်ချောင်းတွင် တည်ဆောက်နေသော နယ်စပ်ကုန်သွယ်ရေးဇုန်ကို ယခုနှစ်အတွင်း ဖွင့်လှစ်ရန် ဆောင်ရွက်လျှက်ရှိကြောင်း ရခိုင်ပြည်နယ် (ဘဏ္ဍာ/အခွန်၊စီမံ/စီးပွား)ဝန်ကြီး ဦးကျော်အေးသိန်း က ရှင်းလင်းပြောကြားခဲ့သည်။ 

ရခိုင်ပြည်နယ်၏ ကုန်သွယ်မှုပမာဏမှာ အလွန်နည်းပါးနေပြီး နှစ်စဉ်ကုန်သွယ်မှုပမာဏမှာ တစ်နှစ်လျှင် ဒေါ်လာ ၅ သန်းခန့်သာရှိသောကြောင့် ကုန်သွယ်မူပမာဏ တိုးတက်လာစေရန်အတွက် ကညင်ချောင်း ကုန်သွယ်မှုဇုန်အား အကောင်အထည်ဖေါ် ဆောင်ရွက်နေခြင်းဖြစ်ပြီး အဆိုပါ ကုန်သွယ်ရေးဇုန်ကို ဖွင့်လှစ်နိုင်ပါက ရခိုင်ပြည်နယ်၏ ကုန်သွယ်မှုပမာဏမှာ တိုးတက်လာမည်ဖြစ်ကြောင်းလည်း သိရသည်။ 

“ကုန်သွယ်မှုတိုးတက်ဖို့အတွက် မောင်တော ကညင်ချောင်း ကုန်သွယ်ရေးဇုန်ကို ဆောင်ရွက်နေတာ ဖြစ်ပါတယ်။  ပြီးခဲ့တဲ့အစိုးရကတော့ ငွေကျပ် ၁ ဘီယံခန့် အကုန်ကျခံ ဆောင်ရွက်ပြီးဖြစ်ပါတယ်။ ဒီနှစ်မှာ ဆက်ပြီးဆောင်ရွက်ဖို့ ကျန်တာကတော့ သန်း ၂၂၀၀ လောက်ကျန်တာ ရှိပါတယ်။ အဲဒါကို ကျွန်တော်တို့ အစိုးရအဖွဲ့အနေနဲ့ မောင်တောမှာရှိတဲ့ စီးပွားရေးလုပ်ငန်းရှင်တွေနဲ့ တိုင်ပင်ပြီးတော့ ဒီနှစ်အတွင်းမှာပဲ ကုန်သွယ်ရေးဇုန်ကို ဖွင့်လှစ်နိုင်အောင် ဆောင်ရွက်သွားဖို့ ရည်မှန်းထားတာရှိပါတယ်”ဟု ဦးကျော်အေးသိန်းက ပြောသည်။ 

မောင်တော နယ်စပ်ကုန်သွယ်ရေးလုပ်ငန်းမှာ ယခင်က အမေရိကန်ဒေါ်လာ ရ သန်းနှင့် ၈ သန်းကြား ဝင်ငွေရရှိခဲ့သော်လည်း ၂၀၁၂ ခုနှစ် နောက်ပိုင်းတွင် ကျဆင်းခဲ့ကာ ကညင်ချောင်းကုန်သွယ်ရေးဇုန် ကိုဖွင့်လှစ်နိုင်ပါက လက်ရှိကုန်သွယ်မှု ပမာဏထက် အနည်းဆုံး (၃) ဆခန့် ဝင်ငွေရရှိလာနိုင်ကြောင်း မောင်တောကုန်သွယ်ရေးအသင်း ဥက္ကဋ္ဌ ဦးအောင်မြင့်သိန်းက ပြောသည်။ 

“လက်ရှိတော့ ပြည်နယ်အစိုးရနဲ့ မောင်တောက လုပ်ငန်းရှင်တွေပါဝင်တဲ့ သဘောတူညီချက် မူတစ်ခုကို ရေးဆွဲနေကြပါတယ်။ မူကတော့ ပုဂ္ဂိလပိုင်ဆိုင်မှုအခန်းကဏ္ဍရယ်၊ နောက် ပြည်နယ်အစိုးရပိုင်ဆိုင်မှု အခန်းကဏ္ဍရယ်ပေါ့၊ ဒါကလည်း အောင်မြင်ဖို့ အလားအလာရှိပါတယ်”ဟု ဦးအောင်မြင့်သိန်းက ပြောသည်။ 

မောင်တောကုန်သွယ်ရေးလုပ်ငန်းမှာ သွင်းကုန်အနေဖြင့် ၁၀ ရာခိုင်နှုန်းခန့်သာရှိပြီး ပို့ကုန် ၉၀ ရာခိုင်နှုန်း ရှိသည့်အတွက် မောင်တောနယ်စပ် ကုန်သွယ်ရေးလုပ်ငန်းမှာ တစ်နိုင်ငံလုံးတွင်ရှိသည့် နယ်စပ်ထွက်ပေါက်များ ထက် ဝင်ငွေမရှိသေးဆိုသော်လည်း ပို့ကုန် ၉၀ ရာခိုင်နှုန်းဖြင့် အသာစီးရရှိနေသည့်အတွက် ဒေသတွင်း စီးပွားရေးလုပ်ငန်းရှင်များ အနေဖြင့်လည်း ကညင်ချောင်းကုန်သွယ်ရေးဇုန်ကို အားကိုးနေကြခြင်းဖြစ်သည် ဟု ဦးအောင်မြင့်သိန်းက ဆက်လက်ပြောသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly