စမ်းချောင်းတွင် တွေ့ရသော တစ်သောင်းတန်အတုများအမှု CID မှ စစ်ဆေးနေ

စမ်းချောင်းတွင် တွေ့ရသော တစ်သောင်းတန်အတုများအမှု CID မှ စစ်ဆေးနေ

ရန်ကုန်၊ ဧပြီလ ၃ဝ ။           ။ ရန်ကုန်တိုင်းဒေသကြီး၊ စမ်းချောင်းမြို့နယ်တွင် ဧပြီလ ၂၉ ရက်နေ့ မွန်းလွဲပိုင်းက တစ်သောင်းတန် ငွေစက္ကူ အတု ၄၂ ရွက်ကို ဖမ်းဆီးရမိခဲ့ရာ CID မှ အမှုဖွင့်စစ်ဆေးနေပြီဖြစ်ကြောင်း စမ်းချောင်းမြို့မရဲစခန်းမှ သိရသည်။

“ အခုက ငွေအတုလား၊ အစစ်လား ခွဲခြားနိုင်ဖို့အတွက် CID ကို ခေါ်ပြီးတော့ အမှုဖွင့်စစ်ဆေးနေပါတယ်။ အဖြေတော့ မသိရသေးဘူး”ဟု အဆိုပါရဲစခန်းမှ ရဲအရာရှိတစ်ဦးက ပြောသည်။

အမှုဖြစ်စဉ်မှာ ဧပြီလ ၂၉ ရက် မွန်းလွဲပိုင်းက စမ်းချောင်းမြို့နယ်၊ ဓမ္မစေတီလမ်းမပေါ် ပြည်သူ့ရင်ပြင် ဝင်ပေါက် အနီးတွင် လင်မယားနှစ်ဦးမှာ ငွေစက္ကူအတုများဖြင့် စျေးဝယ်နေသည်ဟု ရဲတပ်ဖွဲ့မှ သတင်းအရစောင့်ဖမ်းခဲ့သည်။

ထို့နောက် လှိုင်သာယာမြို့နယ်တွင် နေထိုင်သည့် အသက် ၂၄ နှစ် အရွယ် မိုးထက်အောင်(ခ) အောင်အောင်နှင့် မနီနီဝင်း (ခ) မလှသဇင်တို့၏ အနက်/လိမ္မော်ရောင် လက်ဆွဲအိတ်အတွင်းမှ ငွေစက္ကူအတုဟု ယူဆရသော တစ်သောင်း တန် ငွေစက္ကူ ၄၂ ရွက်ကို ရှာဖွေဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။ ယင်းအမှုနှင့် ပတ်သက်ပြီး အတုဟု ယူဆရသော ငွေစက္ကူများအား လက်ဝယ်တွေ့ရှိသူ နှစ်ဦးဖြစ်သည့် မိုး ထက်အောင်(ခ) အောင်အောင်နှင့် မနီနီဝင်း (ခ) မလှသဇင်တို့ကို စမ်းချောင်းမြို့မရဲစခန်းမှ (ပ)၁၅၂/ ၁၇၊ ဗဟိုဘဏ်ဥပဒေ ပုဒ်မ ၁၀၅/၁၀၆ ဖြင့် အမှုဖွင့် အရေးယူထားပြီး CID မှ စစ်ဆေးနေပြီဖြစ်ကြောင်း သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly