ပူတင်အား စိတ်ပျက်ငြီးငွေ့နေပြီဟု ကြွေးကြော်ခဲ့သော ရုရှားဆန္ဒပြသူများ ဖမ်းဆီးထိန်းသိမ်းခံရ

ပူတင်အား စိတ်ပျက်ငြီးငွေ့နေပြီဟု ကြွေးကြော်ခဲ့သော ရုရှားဆန္ဒပြသူများ ဖမ်းဆီးထိန်းသိမ်းခံရ

 ဧပြီ ၃၀ ။           ။ လာမည့် ၂၀၁၈ ခုနှစ်တွင် ကျင်းပမည့် ရုရှားရွေးကောက်ပွဲ၌ ၀င်ရောက်အရွေးချယ်ခံရန် စီစဉ်နေသော သမ္မတ ဗယ်လ်ဒီမာပူတင်အား အတိုက်အခံအဖွဲ့ကို ထောက်ခံသော ရုရှားပြည်သူများက ပြီးခဲ့သော စနေနေ့တွင် ဆန္ဒ ပြခဲ့ကြပြီး နိုင်ငံ၏ ဒုတိယအကြီးဆုံးမြို့ဖြစ်သော စိန့်ပီတာစဘတ်တွင် တက်ကြွလှုပ်ရှားသူ ဒါဇင်ပေါင်းများစွာကို ရဲက ဖမ်းဆီးထိန်းသိမ်းခဲ့သည်။

မြို့ပေါင်းများစွာ၌ ပြုလုပ်ခဲ့သော အဆိုပါဆန္ဒပြပွဲများအား ပူတင်၏ မဟာရန်ဘက်ဖြစ်သူ သြဇာရှိသော ရေနံ လုပ်ငန်းရှင်ဟောင်း မစ်ခေးလ်ခိုဒေါကော့ဗ်စကီး တည်ထောင်ထားသည့် Open Russia အဖွဲ့မှ စီစဉ်ခြင်းဖြစ် သည်။

ဆန္ဒပြသူများသည် ပူတင်ကိုရည်ညွှန်းသည့် “ကျုပ်တို့သူ့ကို စိတ်ပျက်ငြီးငွေ့နေပြီ” ဟူသော ကြွေးကြော်သံများ ဖြင့် အော်ဟစ်ဆန္ဒပြခဲ့ကြသည်။

စိန့်ပီတာစဘတ်မြို့၌ လူပေါင်း ၂၀၀ခန့်သည် ခွင့်ပြုချက်မရဘဲ စုရုံးဆန္ဒပြခဲ့မှုကြောင့် အထိကရုဏ်းနှိမ်နင်းရေး ရဲများက ဖြိုခွင်းခဲ့ပြီး ဆန္ဒပြသူ ၃၀ မှ ၅၀ ခန့်ကို ဆွဲထုတ်သွားကြောင်း မျက်မြင်သက်သေများက ပြောခဲ့သည်။

Open Russia အဖွဲ့က ထိန်းသိမ်းခံရသူ ၅၀ ခန့်ရှိကြောင်း ပြောခဲ့ပြီး နိုင်ငံရေးတက်ကြွလှုပ်ရှားသူများအား အကျဉ်းချထားမှု စောင့်ကြည့်လေ့လာရေးအဖွဲ့ OVD-Info က ထိန်းသိမ်းခံရသူ ၁၂၅ဦးကျော်ရှိကြောင်း ပြောခဲ့ သည်။ ရဲတပ်ဖွဲ့ဘက်ကမူ ထိန်းသိမ်းထားသည့် အရေအတွက်အား ထုတ်ပြန်ခြင်းမရှိသေးကြောင်း သိရသည်။

“ပူတင်ဟာ အာဏာချုပ်ကိုင်ထားတဲ့သူပါ။ သူထွက်သွားချိန်တန်ပါပြီ။ ကျနော်တို့သူ့ကို စိတ်ပျက်ငြီးငွေ့နေပါပြီ” ဟု ဆန္ဒပြသူတစ်ဦးဖြစ်သည့် အသက် ၃၅နှစ်အရွယ် အန်တွန်ဒါနီလော့ဗ်က ပြောခဲ့သည်။

“အရာအားလုံးဟာ ဆိုးရွားနေပါတယ်။ ပညာရေး၊ ကျန်းမာရေး နဲ့ အရာအားလုံးပဲ ဖျက်ဆီးခံလိုက်ရပါတယ်။ ကျနော် အပြောင်းအလဲတစ်ရပ် အလိုရှိပါတယ်” ဟု ၅၇နှစ်အရွယ် ဂါလီနာအေဘရာမိုဗာက ပြောခဲ့သည်။

မော်စကိုမြို့၌ပြုလုပ်ခဲ့သော အလားတူဆန္ဒပြမှုမျိုးသည် ငြိမ်းချမ်းစွာပြီးဆုံးသွားခဲ့ပြီး ဆန္ဒပြသူများက ပူတင်၏ အစိုးရရုံးများရှေ့၌ စုရုံးခဲ့ကြကာ လာမည့် ၂၀၁၈ ခုနှစ်ရွေးကောက်ပွဲတွင် ၀င်ရောက်ရွေးချယ်ခံမည့် ပူတင်၏ အစီအစဉ်အား ဆန့်ကျင်ကြောင်း လက်မှတ်ရေးထိုးခဲ့ကြသည်။

“နောက်ရွေးကောက်ပွဲမှာ ပူတင်ထပ်ပြိုင်မှာကို ကျမအလိုမရှိတော့ပါဘူး” ဟု လက်မှတ်ရေးထိုးရန် တန်းစီ စောင့်ဆိုင်းနေသည့် အသက် ၁၆ နှစ်အရွယ် ကျောင်းသူ အန်နာဘာဇာရိုဗာက ပြောခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly