ကာဂျစ်စတန်တွင် မြေပြိုမှုကြောင့် ၂၄ဦးသေဆုံး

ကာဂျစ်စတန်တွင် မြေပြိုမှုကြောင့် ၂၄ဦးသေဆုံး

ဧပြီ ၃၀ ။            ။ ပြီးခဲ့သော စနေနေ့အစောပိုင်းတွင် ကာဂျစ်စတန်နိုင်ငံရှိ ရွာတစ်ရွာ၌ မြေပြိုမှုဖြစ်ပွားခဲ့သောကြောင့် ကလေးငယ် ၉ ဦးအပါအဝင် စုစုပေါင်း ၂၄ဦးခန့်သေဆုံးခဲ့ကြောင်း အရေးပေါ်အခြေအနေ စီမီခန့်ခွဲရေးဝန်ကြီးဌာနမှ ပြောခဲ့ သည်။

ဗဟိုအာရှနိုင်ငံတစ်နိုင်ငံဖြစ်သော ကာဂျစ်စတန်နိုင်ငံမှ တောင်ထူထပ်သော အို့ရှ်ဒေသရှိ အေယုရွာတွင် ဒေသ စံတော်ချိန် မနက် 6:40 နာရီခန့်တွင် မြေပြိုမှုဖြစ်ပွားခဲ့ပြီး လူနေလျက်ရှိသော နေအိမ် ၆ လုံးပေါ်သို့ ဖုံးအုပ်သွား ခဲ့ကြောင်း ၀န်ကြီးဌာနမှ ကြေညာချက်ထုတ်ပြန်ခဲ့သည်။

“ကလေးငယ် ၉ဦးအပါ၀င် စုစုပေါင်း ကာဂျစ်စတန်နိုင်ငံသား ၂၄ဦးသည် နိုင်ငံတောင်ပိုင်း၌ ဖြစ်ပွားခဲ့သော မြေပြိုကျမှုအတွင်း သေဆုံးခဲ့ပါသည်” ဟု ၀န်ကြီးဌာနမှ ပြောရေးဆိုခွင့်ရှိသူ အယ်လ်မီရာရှာရီပိုဗာက ပြောခဲ့သည်။ ဆရာဝန်များ၊ စစ်သားများအပါအဝင် ကယ်ဆယ်ရေးလုပ်သား ၂၆၆ဦးသည် အခင်းဖြစ်ပွားရာ၌ တာဝန်ယူ ဆောင်ရွက်နေကြောင်း ရှာရီပိုဗာက ဆက်ပြောခဲ့သည်။

သမ္မတ အယ်မက်ဇ်ဘတ်ခ်အေတမ်ဘေယဗ်၏ အမိန့်အတိုင်း အရေးပေါ်စီမံခန့်ခွဲရေးဝန်ကြီးဖြစ်သူ ကူဘတ်ဘခ်ဘိုရိုနော့ဗ်သည် အခင်းဖြစ်ပွားရာသို့ ရောက်ရှိလာခဲ့ကာ မြေပြိုကျမှု၏နောက်ဆက်တွဲ ကိစ္စများကို တာဝန်ယူသွားမည်ဖြစ်ပြီး သေဆုံးသူများ၏ မိသားစုများကို လိုအပ်သောအကူအညီများ ပေးမည်ဖြစ်ကြောင်း သမ္မတရုံး၏ ၀က်ဘ်ဆိုက်တွင် ထုတ်ပြန်ထားသည်။

ဒါ့အပြင် သမ္မတအေတမ်ဘေယဗ်ကလည်း သမ္မတရုံး Youtube ချန်နယ်မှတဆင့် ၀မ်းနည်းကြောင်း မိန့်ခွန်း ပြောကြားခဲ့ပြီး ဆိုးရွားသောရာသီဥတု အခြေအနေများကြောင့် ရွာသားများကို ၄င်းတို့၏ နေအိမ်များမှ ခေတ္တ စွန့်ခွာသွားကြရန် အစိုးရမှ သတိပေးခဲ့ကြောင်း ပြောခဲ့သည်။

“ယခုဖြစ်ရပ်အတွင်းမှာ ကျနော်တို့ကို ထိခိုက်နာကျင်စေရတဲ့အချက်ကတော့ လွန်ခဲ့တဲ့ ၂၊ ၃ ရက်လောက်က ကျွမ်းကျင်ပညာရှင်တွေရဲ့ အကြံပေးချက်ကို ရွာသားတွေ နားထောင်ခဲ့ခြင်းမရှိဘဲ ပြန်လည်နေရာချထားဖို့ ပန်ကြားချက်ကို ငြင်းဆန်ခဲ့တာပဲဖြစ်ပါတယ်” ဟု အေတမ်ဘေယဗ်က ပြောခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly