လက်နက်ကိုင်ဆောင်ခွင့်ဖက်က ရပ်တည်သူများ အိမ်ဖြူတော်တွင် မိတ်ဆွေကောင်းရထားပြီဟု ထရမ့်ပြော

လက်နက်ကိုင်ဆောင်ခွင့်ဖက်က ရပ်တည်သူများ အိမ်ဖြူတော်တွင် မိတ်ဆွေကောင်းရထားပြီဟု ထရမ့်ပြော

ဝါရှင်တန်၊ ဧပြီ ၂၉ ။         ။ အမေရိကန်နိုင်ငံအတွင်း လက်နက်ကိုင်ဆောင်ခွင့်ကို စည်းရုံးဆွယ်ဟောရာ အကြီးဆုံးလော်ဘီအဖွဲ့ဖြစ်သည့် အမျိုးသားရိုင်ဖယ်အသင်း NRA အဖွဲ့ဝင်များကို အိမ်ဖြူတော်၌ ၎င်းတို့အတွက် မိတ်ဆွေကောင်း ရောက်ရှိနေပြီဖြစ်ကြောင်း သမ္မတ ဒေါ်နယ်ထရမ့်က ဧပြီ ၂၈ ရက်တွင်ပြောလိုက်သည်။

အိမ်ဖြူတော်တွင် ရောက်နေသည့် ၎င်းအနေဖြင့် လက်နက်ကိုင်ဆောင်ခွင့် အခွင့်အရေးကို မည်သည့်အခါမျှ ဆန့်ကျင်မည်မဟုတ်ကြောင်းလည်း ထရမ့်က ကတိပေးသည်။

“ခင်ဗျားတို့အသင်းအနေနဲ့ ရှစ်နှစ်လုံးလုံး လက်နက်ကိုင်ဆောင်ခွင့်ကို ပြင်ဆင်မလားဆိုပြီး စိတ်မအေး လက်မအေး နေခဲ့ရတဲ့ အချိန်ကာလ ကုန်ဆုံးပါပြီ။ ခင်ဗျားတို့အတွက် အိမ်ဖြူတော်မှာ မိတ်ဆွေမှန်၊ သူငယ်ချင်းကောင်း ရောက်လာတာပဲဖြစ်တယ်။”ဟု ဂျော်ဂျီယာတွင် ပြုလုပ်သော NRA အသင်း နှစ်ပတ်လည်ကွန်ဗင်ရှင်းတွင် ထရမ့်က ၎င်းကိုကို ရည်ညွှန်းကာ ပြောလိုက်သည်။

“ကျွန်တော်က လူတွေ လက်နက်ကိုင်ဆောင်ခွင့် လွတ်လပ်တဲ့အခွင့်အရေးကို ဘယ်တော့မှ ချိုးဖောက်မှာ မဟုတ်ဘူး။ လွတ်လပ်ခြင်းဆိုတာ အစိုးရက ပေးတဲ့ လက်ဆောင်မဟုတ်ဘူး။ ဘုရားသခင်ပေးတဲ့ လက်ဆောင်ပဲ။”ဟုလည်း ၎င်းက ဆိုသည်။

ထိုပြင် လက်နက်ကိုင်ဆောင်ခွင့်ကို တိုက်ခိုက်လိုသူများက အမေရိကန်ဖွဲ့စည်းပုံ၏ ဒုတိယပြင်ဆင်ချက်က ပေးထားသော အာမခံကို ဆန့်ကျင်ခြင်းဖြစ်ကြောင်းလည်း ၎င်းက တက်ရောက်လာသော ပရိသတ်ကို နှိုးဆော်သည်။

ထရမ့်အနေဖြင့် ၁၉၈၃ ခုနှစ် သမ္မတ ရော်နယ်ရေဂင်ပြီးလျှင် ယခင် NRA ကွန်ဗင်းရှင်းသို့ တက်ရောက်သည့် ပထမဆုံးသမ္မတလည်း ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly