ရေပူစခန်းမှ ယာယီဖမ်းဆီးထားသော နွား ၄၆ ကောင်ကို ပြန်လည်လွှဲပေး

ရေပူစခန်းမှ ယာယီဖမ်းဆီးထားသော နွား ၄၆ ကောင်ကို ပြန်လည်လွှဲပေး
ဓာတ်ပုံ - ရေပူမြဲတမ်းစစ်ဆေးရေးစခန်း

ရန်ကုန်၊ ဧပြီလ ၂၉  ။            ။ မန္တလေး - မူဆယ် ပြည်ထောင်စုလမ်းမကြီးရှိ ရေပူအမြဲတမ်းစစ်ဆေးရေးစခန်းမှ ယာယီဖမ်းဆီးထားသည့် နွား ၄၆ ကောင်ကို နွားသယ်ဆောင်လာသူမှ တရားဝင်အထောက်အထားပြနိုင်၍ ဧပြီလ ၂၉ ရက်၊ နေ့လည် ၁၂ နာရီတွင် ပြန်လည်လွှဲပေးခဲ့ကြောင်း ရေပူအမြဲတမ်းစစ်ဆေးရေး စခန်း ပူးပေါင်းစစ်ဆေးရေးအဖွဲ့ တာဝန်ခံ၊ အကောက်ခွန် ဦးစီးဌာနရုံးချုပ် ဒုတိယညွှန်ကြားရေးမှူး ဦးတက်ထွန်းအောင်က မဇ္ဈိမသို့ ပြောသည်။ 

အဆိုပါ နွားများကို ရေပူစစ်ဆေးရေးစခန်းမှ ဧပြီလ ၂၅ ရက်နေ့တွင် ယာယီဖမ်းဆီးခဲ့ခြင်းဖြစ်ပြီး ယင်းနွားများကို မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ဘက်မှ သယ်ဆောင်လာခြင်းဖြစ်ကာ ဖမ်းဆီးရမိစဉ်က မန္တလေးတိုင်း အတွင်း သယ်ဆောင်ခွင့်အထောက်အထားသာပါရှိပြီး ရှမ်းပြည်နယ်အတွင်းသယ်ဆောင်ခွင့်အထောက်အထား မပါသည့်အတွက် ဖမ်းဆီးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ 

“ ရှမ်းပြည်အတွင်းဖြတ်သန်းခွင့်စာရွက်ကို ဖမ်းဆီးတုန်းကတောင်းတော့ သူတို့မပေးနိုင်ဘူး။ ဒါကြောင့် ရှမ်းပြည် နယ်စာရွက် ရရင်လွှတ်ပေးမယ်ဆိုပြီး ယာယီဖမ်းဆီးခဲ့တာဖြစ်တယ်။ ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝန်ကြီးကိုယ်တိုင် လက်မှတ်ထိုးထားတဲ့ စာရွက်ကို ဒီနေ့လာပြတဲ့အတွက် တရားဝင် ပြန်လွှဲပေးလိုက်တယ်”ဟု ဦးတက်ထွန်းအောင်က ဖမ်းဆီးထားသည့်နွားများ ပြန်လည်လွှဲပေးလိုက်သည့် အကြောင်းကို ရှင်းပြသည်။ 

မန္တလေး - မူဆယ် ပြည်ထောင်စုလမ်းမကြီးရှိ ရေပူမြဲတမ်းစစ်ဆေးရေးစခန်းဂိတ်မှ နေ့စဉ် ကုန်တင်ကားပေါင်း ၅ဝဝဝ မှ ၆ဝဝဝထိ ဖြတ်သန်းသွားလာနေပြီး အဆိုပါ ကားများမှ တရားမဝင် သယ်ဆောင်လာသည့် မူးယစ် ဆေးဝါးများ၊ မှောင်ခိုကျောက်စိမ်းများနှင့် သစ်များ၊ အရည်အသွေးမမှီသည့် စားသောက်ကုန်များ၊ အခွန်မဲ့စား သောက်ကုန်စည်များနှင့် အသုံးအဆောင်ပစ္စည်းများကို ရေပူအမြဲတမ်းစစ်ဆေးရေးစခန်း ပူးပေါင်းစစ်ဆေး ရေးအဖွဲ့ ၁၂ ဖွဲ့မှ ဇန်နဝါလ ၁၆ ရကန့မှ စတင်ကာ စစ်ဆေးဖမ်းဆီးနေခြင်းဖြစ်သည်။

 

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly