ဘဂ္ဂဒက်ရဲစခန်းကို ပစ်မှတ်ထားဗုံးခွဲ၍ လေးဦးသေဆုံးစေခြင်းက ၎င်းတို့လက်ချက်ဖြစ်ကြောင်း အိုင်အက်စ်ကြေညာ

ဘဂ္ဂဒက်ရဲစခန်းကို ပစ်မှတ်ထားဗုံးခွဲ၍ လေးဦးသေဆုံးစေခြင်းက ၎င်းတို့လက်ချက်ဖြစ်ကြောင်း အိုင်အက်စ်ကြေညာ

ဘဂ္ဂဒက်၊ ဧပြီ ၂၉ ။               ။ အီရတ်နိုင်ငံ ဘဂ္ဂဒက်အချက်အချာအရပ်တွင် ရဲစခန်းတစ်ခုအား ပစ်မှတ်ထားကာ ဗုံးခွဲတိုက်ခိုက်ခဲ့ကြောင်း အိုင်အက်စ်အဖွဲ့က ကြွေးကြော်ပြီး အဆိုပါ တိုက်ခိုက်မှုတွင် လူလေးဦးသေဆုံး၍ ရှစ်ဦး ဒဏ်ရာရသည်ဟု အီရတ်အရာရှိများက ပြောသည်။

အဆိုပါ တိုက်ခိုက်မှုကို ကားဗုံးအသေခံဗုံးခွဲသမားတစ်ဦးက လုပ်ဆောင်သွားခြင်းဖြစ်ကြောင်း ရဲနှင့် ဆေးရုံတာဝန်ရှိသူများက ပြောပြီး လေးဦးသေဆုံးသည်ကို အတည်ပြုသည်။

သို့သော် ဗုံးခွဲဲမှုအတွင်း သေဆုံးသူမှာ သုံးဦးသာရှိကြောင်း ပြည်ထဲရေးဝန်ကြီးဌာန ပြောခွင့်ရသူ ဆဒ်မန်းက ဆိုသည်။ သေဆုံးသူအားလုံးက ရဲများဖြစ်ပြီး ဒဏ်ရာရသူအရေအတွက်နှင့် ပတ်သက်ပြီး သတင်းမရသေးကြောင်း ၎င်းက ပြောသည်။

ဘဂ္ဂဒက်အနီး ကာရာဒါအရပ်ရှိ ယာဉ်ထိန်းရဲစခန်း ၀င်ပေါက်တွင် ယင်းသို့ ကားဗုံးဖောက်ခွဲတိုက်ခိုက်ခြင်းဖြစ်သည်။

အိုင်အက်စ်တို့ သိမ်းပိုက်ထားသော မိုဆူးလ်မြို့ကို ပြန်လည်လက်ရရေးအတွက် အီရတ်တပ်ဖွဲ့များ ထိုးစစ်ဆင်နေစဉ်အတွင်း ယခုတိုက်ခိုက်မှု ဖြစ်ပွားခြင်းလည်းဖြစ်သည်။

အိုင်အက်စ်အဖွဲ့သည် ပြီးခဲ့သည့်ကာလများအတွင်းကလည်း အီရတ်လုံခြံုရေးတပ်ဖွဲ့များကို ပစ်မှတ်ထားကာ အလားတူတိုက်ခိုက်မှုများ လွန်ကျူးကြသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly