ပြည်သူလူထု မျက်နှာထောက်ထားရန် ငြိမ်းချမ်းရေးကော်မရှင် ဥက္ကဋ္ဌ ပြော

ပြည်သူလူထု မျက်နှာထောက်ထားရန် ငြိမ်းချမ်းရေးကော်မရှင် ဥက္ကဋ္ဌ ပြော

ချင်းမိုင်၊ဧပြီလ ၂၈ ။           ။ ပြည်သူလူထု၏ မျက်နှာကြည့်၍ ဆွေးနွေးညှိနှိုင်းကြရန်နှင့် မျိုးဆက်သစ်များကို ငြိမ်းချမ်းရေးအမွေပေးနိုင်ရန်အတွက် အတတ်နိုင်ဆုံးဆောင်ရွက်ကြရန် နိုင်ငံရေးဆိုင်ရာ ညှိနှိုင်းရေးကိုယ်စားလှယ်အဖွဲ့ (DPN)နှင့် တွေ့ဆုံဆွေးနွေးပွဲတွင် ပြည်ထောင်စု ငြိမ်းချမ်းရေးကော်မရှင် ဥက္ကဋ္ဌ ဒေါက်တာ တင်မျိုးဝင်းက အဖွင့်မိန့်ခွန်းတွင် ပြောကြားခဲ့သည်။

ဧပြီလ ၂၈ ရက်နေ့က ထိုင်းနိုင်ငံ ချင်းမိုင်မြို့တွင် တွေ့ဆုံဆွေးနွေးပွဲ မစတင်မည် အဖွင့် မိန့်ခွန်းတွင် ထည့်သွင်း ပြောဆိုခဲ့ခြင်း ဖြစ်သည်။

“ဒီအခြေခံ အချက် ၉ ချက် ညှိနှိုင်းပြီးတော့ ဒီအဆင့်မှာအဆင့်တိုးပြီးတော ့အနညး်ဆုံးကတော့ ပြည်သူတွေ မျော်လင့်ရင်းနဲ့ စောင့်မျော်နေတဲ့ အဖြေတခုကို ပေးနိုင်ဖို့ အဲဒီအခါမှာ တဖက်တည်း မဟုတ်ဘဲနဲ့ လုပ်ကြမယ်ဆိုရင် အားလုံးထဲမှာ ဒီစေတနာ မေတ္တာရှိတယ်ဆိုတာ အပြည့်အဝ ယုံကြည်တယ်။ ဒါကြောင့်မလို့ ဒီဆွေးနွေးပွဲထဲမှာလည်း ကျနော်တို့ရဲ့ ခံစားနေရတဲ့ ပြည်သူလူထုရဲ့ မျက်နှာကို ကြည့်ပြီးတော့ တတ်နိုင်သလောက် ဆွေးနွေးပေးကြပါလို့ မေတ္တာရပ်ခံတာပါ”ဟု ငြိမ်းချမ်းရေးကော်မရှင် ဥက္ကဋ္ဌ ဒေါက်တာ တင်မျိုးဝင်းက ပြောသည်။

ငြိမ်းချမ်းရေးတွေ့ဆုံ ဆွေးနွေပွဲများနှင့် ကချင်ပြည်နယ် မြစ်ကြီးနားမြို့သို့ သွားရောက်စဉ် ပြည်သူလူထုနှင့် ဆွေ့ဆုံမေးမြန်းမှုများတွင် အများအားဖြင့် ငြိမ်းချမ်းရေးလိုလားကြောင်း ပြောဆိုခဲ့မှုများရှိသလို၊ ငြိမ်းချမ်းရေး ရရှိမှသာလျှင် တိုင်းပြည်အတွက် ရှေ့ဆက် ဖွံ့ဖြိုးတိုးတက်လုပ်ဆောင်ကြရမည်ဟု ပြောဆိုမှုများ ရှိခဲ့သည်ဟု သူက ထည့်သွင်းပြောဆိုခဲ့သည်။

ထို့ပြင် လက်ရှိ ဆွေးနွေးနေသည့် ခေါင်းဆောင်များနှင့် မိမိတို့ မျိုးဆက်သစ်များအတွက် အကောင်းဆုံး ဘဝအာမခံချက်ရှိသော ငြိမ်းချမ်းရေးအတွက် အတတ်နိုင်ဆုံး ဆွေးနွေးညှိနှိုင်းပေးကြပါရန် မေတ္တာရပ်ခံကြောင်း ဒေါက်တာ တင်မျိုးဝင်းက ထည့်သွင်း ပြောဆိုခဲ့သည်။

“ဒါကြောင့် ဒီကခေါင်းဆောင်ကြီးများကို တဆင့် ကျွန်တော် စိတ်ရင်းစေတနာ မေတ္တာရပ်ခံချင်တာက ကျွန်တော်တို့အတွက် မဟုတ်ဘဲနဲ့ အများမျော်လင့်ပြီးတော့ မျော်လင့်ချက်မျက်လုံးလေးနဲ့ ကြည့်ပြီးတော့ ၊ ပါးစပ်ကလေး ဟ ပြီးတော့ စောင့်နေကြတဲ့ ကျွန်တော်တို့ ဒုက္ခရောက်နေတဲ့ ပြည်သူတွေအတွက် စဉ်းစားပြီးတော့ တတ်နိုင်သလောက် ဆောင်ရွက်ပေးကြပါ၊ တတ်နိုင်သလောက် ညှိနှိုင်းပြီးတော့ အဖြေတစ်ခုထွက်အောင်လုပ်ပေးကြပါလို့ မေတ္တာရပ်ခံလိုပါတယ်”ဟု ဒေါက်တာ တင်မျိုးဝင်းက ပြောသည်။

ဒုတိယအချက်အနေဖြင့် မကြာမီက ပြုလုပ်သော JICM အစည်းအဝေးတွင် အစိုးရနှင့် NCAလက်မှတ်ရေးထိုးထားသော တိုင်းရင်းသားအဖွဲ့အစည်းတို့ ကြားကာလအစီအစဉ်တွင် ပြည်သူလူထုအတွက် လမ်း၊ လျှပ်စစ်မီး၊ ကျန်းမာရေး ဆိုင်ရာ ကဏ္ဍများ လုပ်ပေးနိုင်ခြင်းအားဖြင့် သက်ဆိုင်ရာ ဒေသများတွင် ငြိမ်းချမ်းရေးခံစားနိုင်ရန်အတွက် ဆက်လက် အကောင်အထည်ဖော် လုပ်ဆောင်သွားရန် ရှိသည်ဟု သူက ထည့်သွင်း ပြောဆိုခဲ့သည်။

ထို့ပြင် ရှမ်းပြည်နယ်နှင့် ကချင်ပြည်နယ်များ အပါအဝင် ပြည်နယ် ၅ ခုသို့ သွားရောက်၍ ပြည်သူလူထုတို့နှင့် တွေ့ဆုံ၍ လူထု၏ မေးမြန်းမှုများတွင် အများအားဖြင့် ငြိမ်းချမ်းရေး လိုလားသူ များပြားကြောင်းနှင့် ချင်းပြည်နယ်နှင့် ရခိုင်ပြည်နယ် နှစ်ခုတွင် ဆက်လက် သွားရောက်၍ ပြည်သူလူထုနှင့် တွေ့ဆုံရန်ရှိသည်ဟု ဒေါက်တာ တင်မျိုးဝင်းက ပြောသည်။

ပဥ္စမအကြိမ် တွေ့ဆုံဆွေးနွေးနေသော်လည်း ရှည်ကြာလှသည့် ပဋိပက္ခများကြောင့် ယုံကြည်မှုကို ပျက်ပြားစေသဖြင့် ယနေ့ထိ ယုံကြည်မှု တည်ဆောက်နေရဆဲ ဖြစ်ပြီး နှစ်ဖက် မူအားဖြင့် သဘောတူညီထားသည့် အချက် ၉ ချက်အပေါ် တချို့အချက်များ အနည်းငယ် ပြင်ဆင်ထားမှုအပေါ် နှစ်ဖက် ညှိနှိုင်းဆွေးနွေးနိုင်လိမ့်မည်ဟု ယုံကြည်ကြောင်း DPN ခေါင်းဆောင် ခူဦးရယ်က ပြောသည်။

“ကျွန်တော်တို့ ပဋိပက္ခ ရှည်ကြာလာပါပြီ။ ကျွန်တော်တို့ ပြည်သူလူထုတွေဟာ ငြိမ်းငြိမ်းချမ်းချမ်းနဲ့ ရပ်တည်ဖို့ အချိန်တန်ပြီလို့ ကျွန်တော်တို့ဘက်က မှတ်ယူပါတယ်။ အဲဒါကြောင့်မလို့ ကျွန်တော်တို့ဘက်ကလည်း အတတ်နိုင်ဆုံး တိုင်းပြည် တည်ငြိမ် အေးချမ်းရေးအတွက် တစ်ဖက်တလမ်းကနေ ဖော်ဆောင်ဖို့၊ တစ်ဖက်တလှမ်းကနေ ပါဝင်ခဲ့တာကိုလည်း ကျွန်တော်တို့ ဂုဏ်ယူရမှာ ဖြစ်ပါတယ်။ ဒီအခွင့်အလှမ်းကိုတော့ ကျွန်တော်တို့ လူတိုင်း ရယူပိုင်ခွင့်မရှိပါဘူး။ ရရှိလာကြတဲ့ ကျွန်တော််တို့တွေဟာ တတ်နိုင်တမျှှ စိတ်ရင်းစေတနာမှန် ရှေ့ထားပြီး ရိုးရိုးသားသားနဲ့ မေတ္တာစေတနာရှေ့ထားပြီး ဆောင်ရွက်ဖို့ လိုတယ်လို့ ့အလေးအနက် မှတ်ယူပါတယ်”ဟု သူက အဖွင့်မိန့်ခွန်းတွင် ထည့်သွင်း ပြောဆိုခဲ့သည်။

ငြိမ်းချမ်းရေးကော်မရှင်ဘက်မှ ဥက္ကဌ ဒေါက်တာ တင်မျိုးဝင်း၊ ဒုတိယ ဗိုလ်ချုပ်ကြီး ခင်ဇော်ဦး၊၊ ဦးအောင်ကြည်၊ ဦးအောင်စိုးတို့ အပါအဝင် ၆ ဦး နှင့် DPN ခေါင်းဆောင် ခူဦးရယ် ဦးဆောင်သော ကိုယ်စားလှယ် ၉ ဦးတို့ တက်ရောက် ဆွေးနွေးနေသည်။

မတ်လ ၃ ရက်နေ့က ညီညွတ်သော တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ(UNFC) မှ ဖွဲ့စည်းထားသော DPN နှင့် ငြိမ်းချမ်းရေးကော်မရှင်တို့ မူအားဖြင့် သဘောတူညီထားသည့် အချက် ၉ ချက်အပေါ် ဆွေးနွေးခြင်းနှင့် ဒုတိယအကြိမ် ၂၁ ရာစုပင်လုံ ညီလာခံ တက်ရောက်၊ မတက်ရောက် ဆွေးနွေးသွားမည် ဖြစ်ကြောင်း သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags