နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် အာဆီယံထိပ်သီးအစည်းအဝေးတက်ရန် ဖိလစ်ပိုင်သို့ ထွက်ခွာ

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် အာဆီယံထိပ်သီးအစည်းအဝေးတက်ရန် ဖိလစ်ပိုင်သို့ ထွက်ခွာ
ဓာတ်ပုံ-နိုင်ငံခြားရေးဝန်ကြီးဌာန

ဧပြီလ ၂၈ ။             ။ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်သည် (၃၀) ကြိမ်မြောက် အာဆီယံထိပ်သီး အစည်းအဝေး တက်ရောက်ရန် ယနေ့ နံနက် နေပြည်တော် အပြည်ပြည်ဆိုင်ရာလေဆိပ်မှ အထူးလေယာဉ်ဖြင့် ထွက်ခွာသွားသည်။

ဖိလစ်ပိုင်နိုင်ငံ၊ မနီလာမြို့တွင် ဧပြီလ ၂၉ ရက်တွင် ကျင်းပမည့် (၃၀) ကြိမ်မြောက် အာဆီယံ ထိပ်သီးအစည်းအဝေး နှင့် ဆက်စပ်ထိပ်သီးအစည်းအဝေးများသို့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် နှင့်အတူ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကျော်ဝင်း၊ နိုင်ငံခြားရေး ၀န်ကြီးဌာန ဒုတိယဝန်ကြီး ဦးကျော်တင်၊ အာဆီယံဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးမင်းလွင် ၊ ဖိလစ်ပိုင်နို်င်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးဝင်းနိုင် ၊ နိုင်ငံခြားရေး ၀န်ကြီးဌာန အာဆီယံရေးရာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်နှင့် အဆင့်မြင့်အရာရှိကြီးများ၊ ဘာသာရပ်ဆိုင်ရာကျွမ်းကျင်သူများ  လိုက်ပါသွားသည်ဟု နိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်သည်။

(၃၀)ကြိမ်မြောက်အာဆီယံထိပ်သီးအစည်းအ‌ဝေးနှင့် ဆက်စပ် အစည်းအဝေးများကို ဖိလစ်ပိုင် နိုင်ငံ၊ မနီလာမြို့တွင် ဧပြီလ ၂၆ ရက်မှ ၂၉ ရက်အထိ ကျင်းပပြုလုပ်မည်ဖြစ်သည်။

ဖိလစ်ပိုင်နိုင်ငံ၊ မနီလာမြို့၌ အာဆီယံအဆင့်မြင့်အရာရှိကြီးများအစည်းအ‌ဝေးနှင့် အာဆီယံနိုင်ငံခြားရေး ဝန်ကြီးများ အစည်း အဝေးတို့ကို ဧပြီလ ၂၇ ရက်နှင့် ၂၈ ရက်များတွင် အသီးသီးကျင်းပခဲ့ပြီး ဖြစ်ပြီး ဧပြီလ ၂၉ ရက်တွင် (၃၀) ကြိမ်မြောက် အာဆီယံထိပ်သီး အစည်းအဝေးအားကျင်းပသွားမည်ဖြစ်ပါသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly