ဆီးရီးယားက လေကြောင်းတိုက်ခိုက်မှုအတွင်း ဆေးရုံတစ်ခုပါ ထိမှန်ပျက်စီးကာ လူတစ်ဒါဇင်ထက်မနည်း သေဆုံး

ဆီးရီးယားက လေကြောင်းတိုက်ခိုက်မှုအတွင်း ဆေးရုံတစ်ခုပါ ထိမှန်ပျက်စီးကာ လူတစ်ဒါဇင်ထက်မနည်း သေဆုံး

ဘေရွတ်၊ ဧပြီ ၂၇ ။          ။ ဆီးရီးယားနိုင်ငံအတွင်း သူပုန်ထိန်းချုပ်ရာ အိဒ်လိပြည်နယ်က မြို့တစ်မြို့ကို ဧပြီ ၂၆ ရက်က ဆီးရီးယားအစိုးရ သို့မဟုတ် ရုရှက ဆင်နွှဲဖွယ်ရှိသည့် လေကြောင်းတိုက်ခိုက်မှုများ၌ လူတစ်ဒါဇင်ထက်မနည်း သေဆုံးပြီး ဆေးရုံတစ်ခုပါ ထိမှန်ပျက်စီးမှု ဖြစ်ခဲ့ကြောင်း ဒေသတွင်း ကျန်းမာရေးတာဝန်ရှိသူများနှင့် စောင့်ကြည့်ရေးအဖွဲ့တစ်ရပ်က ပြောသည်။

ဆီးရီးယားလေတပ်နှင့် ရုရှဂျက်လေယာဉ်များက အိဒ်လိပြည်နယ်ကို ဗုံးကြဲတိုက်ခိုက်မှုများ ပြင်းပြင်းထန်ထန်ဆင်နွှဲရာမှ ယခုတိုက်ခိုက်မှုဖြစ်ပွားခြင်းဖြစ်ကြောင်း ဗြိတိန်အခြေစိုက်ဆီးရီးယားလူ့အခွင့်အရေးစောင့်ကြည့်ရေးအဖွဲ့က သတင်းထုတ်ပြန်သည်။

အိဒ်လိပြည်နယ်သည် သောင်းကျန်းသူသူပုန်များ၏ အမာခံနယ်မြေဖြစ်ပြီး နိုင်ငံ၏ အနောက်ပိုင်း သူပုန်လက်အောက်ရောက်နေသည့် နယ်မြေဒေသများတွင် အကြီးဆုံးလည်းဖြစ်သည်။ ထိုပြင် အစိုးရက ဒမတ်စကပ်ဝန်းကျင် သိမ်းပိုက်စဉ် သူပုန်များနှင့် ၎င်းတို့၏ မိသားစုဝင်များ ယင်းနယ်မြေများမှ ထွက်ခွာရေး ရွှေ့ပြောင်းမှု သဘောတူညီမှုများတွင် ရွှေ့ပြောင်းရမည့် အရပ်အဖြစ် အိဒ်လိပြည်နယ်လည်း ပါဝင်ခဲ့သည်။

ကာ့ဖ်တက်ခါရမ်အရပ်က ပျက်စီးမှုဖြစ်ခဲ့သော ဆေးရုံမှ တာဝန်ရှိသူက လေကြောင်းတိုက်ခိုက်မှုတစ်ရပ်အတွင်း လူနာများ အပါအဝင် လူပေါင်း ၁၄ ဦးသေဆုံးကြောင်း ပြောသည်။

ဆီးရီးယားလူ့အခွင့်အရေးစောင့်ကြည့်ရေးအဖွဲ့ကမူ ဆေးရုံထိမှန်ပျက်စီးမှုရှိသော်လည်း လူသေဆုံးသူမရှိကြောင်း ဆိုသည်။

ကာ့ဖ်တက်ခါရမ် အနောက်တောင်ပိုင်းတွင်လည်း သီးခြားလေကြောင်းတိုက်ခိုက်မှု ဖြစ်ရာတွင် အရပ်သားများနှင့် သူပုန်တိုက်ခိုက်ရေးသမားများအပါအဝင် အနည်းဆုံး ၁၂ ဦးသေဆုံးကြောင်း ယင်းအဖွဲ့က ဆိုသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly